လိုအင်ဆန္ဒလား လိုအပ်ချက်လား

မေလ တစ်ဆယ့်ခြောက်ရက်၊ နှစ်ထောင့်ကိုးခုနှစ်

ကျွန်တော်ငယ်ငယ်တုန်းက သူများတွေဘွတ်ဖိနပ်လှလှလေးတွေ စီးတာတွေ့ရင်လိုချင်ခဲ့တယ်။ ငါလည်း ဒါမျိုးလိုအပ်တယ်ပေါ့။ ဒါနဲ့ အဖေက နိုင်ငံခြားဖြစ်လေးဝယ်ပေးလိုက်တယ်။ ထူးဆန်းစွာပဲ လိုချင်ခဲ့တာ တစ်ကယ်ရလာတော့ သိခဲ့ရတာက ကျွန်တော်ဘွတ်ဖိနပ်စီးရတာ မကြိုက်ဘူးဆိုတာပဲ။ စီးရင်ပူမယ် အိုက်မယ်ဆိုတာ သိရက်နဲ့လိုချင်ခဲ့တယ် (လိုအပ်တယ်လို့အပြောနဲ့ပေါ့)။ အခုနောက်ပိုင်းတော့ လိုအင်ဆန္ဒနဲ့ လိုအပ်ချက်ကို အမှား နည်းအောင် ခွဲခြားတတ်လာတယ်။ (ကပ်စေးနဲတယ်ဆိုတဲ့ နာမည်တော့ ရလာတော့တာပေါ့)။ အဓိပါယ်ကြိုက်သလို ဖွင့်ကြပါစေ ကိုယ့်အဓိပါယ်သတ်မှတ်ချက်က ကိုယ်နဲ့ကိုက်ညီနေတာပဲ၊ ဒီလိုပဲ ဆက်သွားတာပေါ့။ နောက်ပိုင်းဒီဖွင့်ဆိုချက် အိုဟောင်းပြီးသုံးမရတော့တဲ့အထိ။

လိုအင်ဆန္ဒနှင့် လိုအပ်ချက် မတူပါ၊ ကွဲပြားခြားနားပါသည်။ လိုအပ်ချက်မှာမူ မဖူလုံ မလုံလောက်သည့်ဒေသမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လိုအင်ဆန္ဒများမှာမူ ပြည့်စုံဖူလုံသောဒေသမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကျွန်တော်တို့ တစ်စုံတစ်ခု လိုအပ်နေပြီဆိုလျှင် သိသာထင်ရှားသော မရှိခြင်းတစ်ခု ပေါ်ပေါက်နေပေလိမ့်မည်။ တစ်ဖက်တွင် တစ်စုံတစ်ခုကို လိုချင်ပြီဆိုက ကျွန်တော်တို့တွင် ရှိပြီးသားတစ်ခုခုကို တိုးပွားစေလိုသောကြောင့် သို့မဟုတ် ပြည့်စုံစေလိုသောကြောင့် ဖြစ်ပေသည်။

လိုအပ်ချက်များကိုမူ ဦးစားပေးဖြည့်တင်းကြရပါမည်၊ ကျွန်တော်တို့ ရပ်တည်ရှင်သန်နိုင်ရေးအတွက်ဖြစ်၏။ ထိုသို့ဆိုလျှင် လိုအင်ဆန္ဒများကိုကော... သင့်တင့်လျောက်ပတ်သလို ဖြည့်တင်းကြရပါမည်၊ စိတ်ချမ်းသာပျော်ရွှင်မှုအတွက် ဖြစ်ပါသည်။

သို့သော် လိုအင်ဆန္ဒ၏ ဒုက္ခပေးနိုင်မှုကိုတော့ အပေါ်ယံသုံးသပ်ရုံနှင့် မသိနိုင်ပေ။ (ဥပမာ ကောင်းတာ လိုချင်တာပဲ ကောင်းတာရမှာပေါ့ ဆိုတာမျိုး.....) သေချာစဉ်းစားကြည့်ရင်တော့ အဖြေရတန်ကောင်းပါရဲ့... မရရင်တော့.............. [ရိုးရိုးတုပ်ကွေးကနေ ၀က်တုပ်ကွေး ဖြစ်ပေါ်လာသလိုပေါ့.... အဆင့်တွေအများကြီးပါ စဉ်းစားဖို့လိုပါလိမ့်မယ်]

မကြာသေးခင်က တင်ထားတဲ့ပိုစ်တ် မှာအဖြေကိုရှာကြည့်နိုင်ပါတယ်။ ဆွေးနွေးလိုသူများကိုလည်း ကြိုဆိုပါ၏။

Comments

witch83 said…
လိုအင်ဆန္ဒနှင့် လိုအပ်ချက် မတူဘူးဆိုတာတော့ လက်ခံပါတယ်။ ဒါပေမဲ့ လိုအင်ဆန္ဒတွေက ပြည့်စုံဖူလုံသောဒေသမှ ပေါ်ပေါက်လာတယ်ဆိုတာ မမှန်ပါဘူး။ လိုအင်ဆန္ဒဆိုတာ မပြည့်စုံတဲ့သူတွေမှာလည်း ရှိတတ်ပါတယ်။ ဖြစ်သင့်မဖြစ်သင့်၊ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာတော့ ရှိတာပေါ့လေ။ "ဆွေးနွေးလိုသူများကိုလည်း ကြိုဆိုပါ၏။ " ဆိုလို့ ပါ။
Libratun said…
“မမှန်ပါဘူး............. လည်းရှိတတ်ပါတယ်” နည်းနည်းတော့ လွဲနေသလိုပဲ...
Libratun said…
ပြည့်စုံဖူလုံတယ်ဆိုတဲ့နေရာမှာ ရရှိပြီးသားအရာ တစ်ခုခုကို ဆိုလိုပါတယ်။ အဲဒီနေရာကနေ ပေါက်ဖွားလာတယ်ဆိုတာ ရှိပြီးသားအရာကို (တူသောအရာကို) ထပ်လိုချင်တာကိုပြောပါတယ် (လိုအင်ဆန္ဒ/တဏှာပါ)။ မပြည့်စုံ မဖူလုံ မရှိသေးတဲ့ အရာတစ်ခုကို ထပ်လိုချင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလို ထပ်လိုချင်တယ်ဆိုရင် လိုအပ်ချက်အနေနဲ့ အရင်ဖြည့်ဆည်းပြီးမှပဲ ထပ်လိုချင်လို့ ဖြစ်နိုင်ပါလိမ့်မယ်။
chocothazin said…
ဟုတ်တယ် သယ်ရင်းရေ
"စားရတဲ့ကလေး ငတ်တယ်" ဆိုတဲ့မြန်မာစကားတောင်ရှိသေးတယ်မဟုတ်လား။ စားဖူးလို့ သာငတ်တာပါ။ တို့ တွေလည်း တူတူပဲ။ ရလေလိုလေပါပဲ။ လိုအပ်မှုနဲ့ လိုချင်မှု ခွဲခြားနားလည်ဖို့ ကြိုးစားရဦးမယ်။
Needs and Wants ပေါ့။ အစ်မက လိုချင်မှုနောက် မလိုက်မိအောင် ထိန်းချုပ်ရင်းနဲ့ ခေတ်နောက်ကျန်ခဲ့တာလေ။ iPhone, iPad တွေနဲ့လည်း ဝေးနေတုန်းပဲ။ အလိုချင်ဆုံး kindle လေးတောင် မ၀ယ်ဖြစ်ခဲ့ဘူး။း( ချွေတာရတာကြောင့်လည်း ပါပါတယ်လေ။