ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။
`ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။
ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ်ကျွီကျွီနဲ့ မိုးစက်တွေကြား တဖြည်းဖြည်းနဲ့ပွင့်လာလေပြီ။
ဒီလိုနဲ့ ကျောင်းထဲရောက်သွားတော့ ဆူလို့ ညံလို့ နေရာတွေ ရွေးကြ ထိုင်ကြ။ ဒါနဲ့ မိုးကာလေး မိုးရေစင်အောင် ခါ၊ ပြီးတော့ခေါက်သိမ်း၊ ပါလာတဲ့ ဗလာစာအုပ်လေး အသင့်ထုတ်ပြီး ဟန်လုပ်နေလိုက်တယ်။ နောက် ဒီအတိုင်းဘဲ ထိုင်ပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်။ အရပ်က ပုတော့ ခုံကို ဒူးထောက်ပြီး အကုန်လုံးကို လိုက်ကြည့်လိုက်သေးတယ်။ ဘာတွေလုပ်နေကြလဲပေါ့။ တစ်ချို့မိဘတွေက အခုထိရှိသေးတယ်။ သူတို့ကလေးတွေကို နေရာချပေးနေလေရဲ့။ သူတို့ မျက်လုံးတွေမှာလဲ မိုးရေတွေ ဝင်နေပါလား။ ဟောဟိုကောင်လေးတွေကတော့ ခုံတွေပတ်ပြေး ဆော့နေကြပြီ။ ကောင်မလေးတွေကတော့ ထုံးစံအတိုင်းပေါ့၊ နင်ကဘယ်သူ၊ ငါကဘယ်သူ၊ ဘယ်မှာနေတာ၊ ဒါငါ့နေရာနော်၊ ငါဒီမှာထိုင်မယ် နင်ရော ဒီမှာပဲထိုင်မှာလား။
ကောင်လေးတွေ ဆော့နေချိန်၊ နေရာရွေးနေချိန်... ကောင်မလေးတွေက ဧည့်စာရင်းကောက်ပြီး၊ နေရာပါ အတည်တကျဖြစ်သွားလို့ စိတ်အေးချမ်းသာစွာ စကားတွေ များနေချိန်...
ကျွန်တော်က အပေါ်တက်တဲ့လှေကားမှာ......
``တစ်ခုဘယ်လောက်လဲ အန်တီ... ၁ ကျပ်.. သားလေး၊ ဟုတ်ကဲ့... ၂ ကျပ်ဖိုးပေးပါ။ တစ်မျိုးစီလုပ်ပေးနော်။´´
ကျွန်တော်အရမ်းကြိုက်တဲ့ ကပ်စေးနဲနဲ့ဝေဖာ.... ကပ်စေးနဲထည့် အုန်းသီးအုပ်၊ ဝေဖာထပ်ကပ်၊ ကပ်စေးနဲထည့် အုန်းသီးအုပ်၊ ၈ ချပ်လောက် ရှိတယ်အများကြီးပဲ၊ တထပ်ကြီးရတယ်။ နောက်တစ်မျိုးလည်း အဲဒီလိုပဲ ဒါပေမယ့် အဖြူရောင် နို့ဆီစမ်း အုန်းသီးအုပ်တဲ့ဝေဖာ။ ပြီးတော့ အပေါ်ထပ်တက်ပြီး ဝရန်တာမှာ သွား အပြင်က မြင်ကွင်းကို ကြည့်ရင်း..... ရှလွှတ်....ရှလွှတ်။ အဖြူရောင်ဝေဖာလေးက စီးကျလာတဲ့ နို့ဆီလေး လျက်လိုက်၊ ဂျလွတ် ဂျလွတ် ကပ်စေးနဲဝေဖာလေး ကိုက်လိုက်။ ကောင်းလိုက်တာမှ။
``ဟဲ့.. သားလေး... နို့ဆီတွေ ဖိတ်ကျကုန်ဦးမယ် ကောင်းကောင်းစား... ´´ စိတ်ထဲကနေပြောလိုက်တယ် ``ဟုတ်ကဲ့ဆရာမ... ´´။ အပြင်မှာတော့ ကိုယ်ပိုင်အမှတ်အသားဖြစ်လာမယ့် ဘယ်ညာအံသွားနှစ်ချောင်းမြင်နိုင်ပြီး ပါးနှစ်ဖက် နားရွက်ချိတ်လုနီးပါး ပြုံးပြလိုက်တယ်။ ဆရာမ ပါးကို လိမ်ဆွဲပြီးထွက်သွားတယ်။ လိမ်လိုက်တဲ့အတွက် သွားရေ တော့ကျသွားတယ်။ မမြင်အောင် ခြေထောက်နဲ့ သုတ်လိုက်တယ်။
နောက်တော့ အချင်းချင်း မိတ်ဆက်။ ဆော့ကစားပြီး နေ့လည် မုန့်စားဆင်းချိန်ရောက်တော့ ထမင်းဗူးလေးတွေ ထုတ်။ အဖုံးဖွင့်လိုက်တော့...
မေကြီးက ငါးသလဲထိုးကြော်နဲ့ ရပ်ကွက်ကျော် ချဉ်ပေါင်ရွက်ကြော်၊ ဘွားဘွားရဲ့ စပါရှယ် မြေးလေးအကြိုက် ဘဲဥချဉ်ရည်ဟင်း။ ဘယ်သူ့မှ မကျွေးဘဲ အကုန်လွေးလိုက်တယ်။ (ဘယ်သူနဲ့မှမှ မသိသေးဘဲ :) )
နောက်တော့ ဟိုဘက်ကူး ဒီဘက်ကူး၊ ကျောင်းဆင်းခါနီးတော့ နောက်ဆုံးတန်းနားက သူငယ်ချင်းသစ်တွေရခဲ့တယ်။ ဒီလို့နဲ့ ကျောင်းဆင်း ခေါင်းလောင်းကြီးက ထိုးပါလေရော။ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ မိဘတွေ ရဲ့ ရင်ခွင်ထဲကို.............
ဒါကတော့ ယနေ့တိုင်မမေ့နိုင်သေးတဲ့ ၁၉၉၄ ခုနှစ် ဇွန်လ (၁) ရက်နေ့ လေးပေါ့။
Comments
အဆင်ပြေပါစေကွာ :)))))
တကယ့်ကို လွမ်းဖို့ကောင်းတဲ့ ငယ်ဘ၀က ကျောင်းတက်ချိန်လေးတွေပဲနော်...
အဲလိုပို့စ်လေးတွေက ဘယ်အချိန်ပြန်ဖတ်ဖတ် ကြည်နူးစရာကောင်းတာတော့ အမှန်ပဲ။း)