Skip to main content

ကျောင်းဖွင့်စနေ့

ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။

`ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။

ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ်ကျွီကျွီနဲ့ မိုးစက်တွေကြား တဖြည်းဖြည်းနဲ့ပွင့်လာလေပြီ။

ဒီလိုနဲ့ ကျောင်းထဲရောက်သွားတော့ ဆူလို့ ညံလို့ နေရာတွေ ရွေးကြ ထိုင်ကြ။ ဒါနဲ့ မိုးကာလေး မိုးရေစင်အောင် ခါ၊ ပြီးတော့ခေါက်သိမ်း၊ ပါလာတဲ့ ဗလာစာအုပ်လေး အသင့်ထုတ်ပြီး ဟန်လုပ်နေလိုက်တယ်။ နောက် ဒီအတိုင်းဘဲ ထိုင်ပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်။ အရပ်က ပုတော့ ခုံကို ဒူးထောက်ပြီး အကုန်လုံးကို လိုက်ကြည့်လိုက်သေးတယ်။ ဘာတွေလုပ်နေကြလဲပေါ့။ တစ်ချို့မိဘတွေက အခုထိရှိသေးတယ်။ သူတို့ကလေးတွေကို နေရာချပေးနေလေရဲ့။ သူတို့ မျက်လုံးတွေမှာလဲ မိုးရေတွေ ဝင်နေပါလား။ ဟောဟိုကောင်လေးတွေကတော့ ခုံတွေပတ်ပြေး ဆော့နေကြပြီ။ ကောင်မလေးတွေကတော့ ထုံးစံအတိုင်းပေါ့၊ နင်ကဘယ်သူ၊ ငါကဘယ်သူ၊ ဘယ်မှာနေတာ၊ ဒါငါ့နေရာနော်၊ ငါဒီမှာထိုင်မယ် နင်ရော ဒီမှာပဲထိုင်မှာလား။

ကောင်လေးတွေ ဆော့နေချိန်၊ နေရာရွေးနေချိန်... ကောင်မလေးတွေက ဧည့်စာရင်းကောက်ပြီး၊ နေရာပါ အတည်တကျဖြစ်သွားလို့ စိတ်အေးချမ်းသာစွာ စကားတွေ များနေချိန်...
ကျွန်တော်က အပေါ်တက်တဲ့လှေကားမှာ......
``တစ်ခုဘယ်လောက်လဲ အန်တီ... ၁ ကျပ်.. သားလေး၊ ဟုတ်ကဲ့... ၂ ကျပ်ဖိုးပေးပါ။ တစ်မျိုးစီလုပ်ပေးနော်။´´
ကျွန်တော်အရမ်းကြိုက်တဲ့ ကပ်စေးနဲနဲ့ဝေဖာ.... ကပ်စေးနဲထည့် အုန်းသီးအုပ်၊ ဝေဖာထပ်ကပ်၊ ကပ်စေးနဲထည့် အုန်းသီးအုပ်၊ ၈ ချပ်လောက် ရှိတယ်အများကြီးပဲ၊ တထပ်ကြီးရတယ်။ နောက်တစ်မျိုးလည်း အဲဒီလိုပဲ ဒါပေမယ့် အဖြူရောင် နို့ဆီစမ်း အုန်းသီးအုပ်တဲ့ဝေဖာ။ ပြီးတော့ အပေါ်ထပ်တက်ပြီး ဝရန်တာမှာ သွား အပြင်က မြင်ကွင်းကို ကြည့်ရင်း..... ရှလွှတ်....ရှလွှတ်။ အဖြူရောင်ဝေဖာလေးက စီးကျလာတဲ့ နို့ဆီလေး လျက်လိုက်၊ ဂျလွတ် ဂျလွတ် ကပ်စေးနဲဝေဖာလေး ကိုက်လိုက်။ ကောင်းလိုက်တာမှ။

``ဟဲ့.. သားလေး... နို့ဆီတွေ ဖိတ်ကျကုန်ဦးမယ် ကောင်းကောင်းစား... ´´ စိတ်ထဲကနေပြောလိုက်တယ် ``ဟုတ်ကဲ့ဆရာမ... ´´။ အပြင်မှာတော့ ကိုယ်ပိုင်အမှတ်အသားဖြစ်လာမယ့် ဘယ်ညာအံသွားနှစ်ချောင်းမြင်နိုင်ပြီး ပါးနှစ်ဖက် နားရွက်ချိတ်လုနီးပါး ပြုံးပြလိုက်တယ်။ ဆရာမ ပါးကို လိမ်ဆွဲပြီးထွက်သွားတယ်။ လိမ်လိုက်တဲ့အတွက် သွားရေ တော့ကျသွားတယ်။ မမြင်အောင် ခြေထောက်နဲ့ သုတ်လိုက်တယ်။

နောက်တော့ အချင်းချင်း မိတ်ဆက်။ ဆော့ကစားပြီး နေ့လည် မုန့်စားဆင်းချိန်ရောက်တော့ ထမင်းဗူးလေးတွေ ထုတ်။ အဖုံးဖွင့်လိုက်တော့...
မေကြီးက ငါးသလဲထိုးကြော်နဲ့ ရပ်ကွက်ကျော် ချဉ်ပေါင်ရွက်ကြော်၊ ဘွားဘွားရဲ့ စပါရှယ် မြေးလေးအကြိုက် ဘဲဥချဉ်ရည်ဟင်း။ ဘယ်သူ့မှ မကျွေးဘဲ အကုန်လွေးလိုက်တယ်။ (ဘယ်သူနဲ့မှမှ မသိသေးဘဲ :) )

နောက်တော့ ဟိုဘက်ကူး ဒီဘက်ကူး၊ ကျောင်းဆင်းခါနီးတော့ နောက်ဆုံးတန်းနားက သူငယ်ချင်းသစ်တွေရခဲ့တယ်။ ဒီလို့နဲ့ ကျောင်းဆင်း ခေါင်းလောင်းကြီးက ထိုးပါလေရော။ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ မိဘတွေ ရဲ့ ရင်ခွင်ထဲကို.............

ဒါကတော့ ယနေ့တိုင်မမေ့နိုင်သေးတဲ့ ၁၉၉၄ ခုနှစ် ဇွန်လ (၁) ရက်နေ့ လေးပေါ့။

Comments

yangonthar said…
ကျောင်းစာသင်ခန်းထဲမှာ စကားပြောလို့ မရတာတွေ ဆရာမကြီးရဲ့  မျက်နှာ ... ဆရာတွေရဲ့ မျက်နှာတွေ ..... ကျောင်းသား သစ်ကလေးတွေ တစ်ရာနီးပါးရှိခဲ့တာပဲ အဲဒီ ကလေးတွေ ခုတော့ ကမ္ဘာအနှံကို ခြေဆန့် နေ ကြပြီသယ်ချင်းရေ .......... နှစ်စဉ်ဧပြီလ တစ်ရက်နေ့ တိုင်း ကျောင်းလေးရဲ့ ဆရာ ကန် တော့ပွဲကို လုပ်တာ သုံနှစ်လောက် ရှိရောပေါ့ ...... လေးခန်းသာရှိတဲ့ ကျောင်း ငယ်ငယ် လေးကို တွေးမိတိုင်းလွမ်းရပါရဲ့  ငါတို့ အပျံသင်စအချိန်တွေပေါ့လေ ....

အဆင်ပြေပါစေကွာ :)))))
Waing said…
ငယ်ငယ်တုန်းက ကျောင်းတက်ခဲ့တာတွေကို ပြန်တောင်သတိရသွားပြီ ၀ိုင်းလည်း အုန်းသီးအုပ်တဲ့ဝေဖာဆို စားလိုက်ရမှ ကျောင်းဆင်းချိန်ရောက်တိုင်း ၀ယ်စားနေကျလေ အခုချိန်ထိ ငယ်သူငယ်ချင်းတွေလည်း ပြန်မဆုံနိုင်ကြတော့ပါဘူး မတူညီတဲ့ ပတ်ဝန်းကျင်တွေ နေရာတွေ ကိုယ်စီမှာ မတူတဲ့ အလုပ်တွေ အသီးသီးနဲ့ပေါ့
တကယ့်ကို လွမ်းဖို့ကောင်းတဲ့ ငယ်ဘ၀က ကျောင်းတက်ချိန်လေးတွေပဲနော်...
Angel Shaper said…
အင်းးးးးးးး ငယ်ငယ်က ကျောင်းတက်ချိန်လေးတွေ မှာ အစားပုပ်ခဲ့တာတွေ၊ ဆော့ခဲ့တာတွေ၊ ပျော်ခဲ့ပါးခဲ့တာတွေ၊ စာသင်ခဲ့တာတွေ၊ စာမရလို့ အဆူခံခဲ့ရတာတွေ၊ ..... တာတွေ လွမ်းစရာပါလားနော်။
chocothazin said…
နို့ဆီစမ်း ဝေဖာစားချင်တယ်း))
witch83 said…
ရေးထားတာလေး ကောင်းလိုက်တာ။ The way you write this article is lovely! သိင်္ဂါရရသလေးရတယ်:)
သက်နိုင်က တော်တော်မှတ်ဉာဏ်ကောင်းတာပဲ။ ကျောင်းစဖွင့်နေ့တစ်ရက်ကို အတိအကျမှတ်မိတာ။ အစ်မက ကျောင်းတစ်ကျောင်းထဲမှာပဲ ၁၂နှစ်တက်ခဲ့ရလို့လားမသိဘူး၊ ဇွန်လ ၁ရက်နေ့တိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ အတိအကျ မမှတ်မိဘူး။ မိုးတွေရွာတာ၊ မိုးကာဝတ်ပြီး ကျောင်းသွားရတာ၊ ကျောင်းကားမရသေးလို့ လိုင်းကားနဲ့သွားရတာမျိုးလောက်ပဲ မှတ်မိတော့တယ်။ ဘာမုန့်စားခဲ့လဲဆိုတာမျိုးတော့ လုံးဝ မမှတ်မိဘူး။ ခုမှ ပြန်စဉ်းစားကြည့်နေတာ။ :D

အဲလိုပို့စ်လေးတွေက ဘယ်အချိန်ပြန်ဖတ်ဖတ် ကြည်နူးစရာကောင်းတာတော့ အမှန်ပဲ။း)
Unknown said…
အရမ်းမိုက်တယ်

Popular posts from this blog

A leaf

ခုတလော ဓာတ်ပုံတွေလိုက်ရိုက်နေတယ်။ ဖေ့ဘွတ်လည်း သိပ်မတက်ချင်၊ ဂူဂဲလ်ပလပ်စ်တော့ သုံးပေမယ့် သူငယ်ချင်းတွေက ဖဘမှာချည်းဆိုတော့ မဖြစ်ပြန်။ ဟိုရောက်ဒီရောက်ပေါ့။ ဒီလိုနဲ့ပဲ ဘလော့ဒေးနေ့က မဇွန်ရဲ့စာတို့ တခြားစာတွေ ဖတ်ဖြစ်တော့လည်း ဘလော့ကို ပြန်လာချင်လာပြန်ရော။ ဒါနဲ့ စည်စည်ကားကားလေးဖြစ်အောင်လို့ နီးစပ်ရာကို ပုံလေးတပုံပေးပြီး အက်ဆေး ဒါမှမဟုတ် ကဗျာလေး ဇွတ်ရေးခိုင်းလိုက်တယ်။ တော်တော်များများ ရေးပေးကြပါတယ်။း) သူတို့နဲ့ ကျွန်တော့်ကဗျာလေးကို ဒီမှာ တင်ဖြစ်သွားတယ်။ ကဗျာလေးကတော့- A Leaf Being grateful to meet with a droplet,  Life's not simple and easy all the time though. Fortifying and surviving from the teases  Of people and insects. With the help of the droplets and the mother soil,  To its best, A Leaf is giving the beauty to the Earth. သစ်ရွက်ကလေး ရေစက်လေးနဲ့ တွေ့နေရရင် ဘ၀ကြီးကအဆင်ပြေနေပြီ။ ကြာကြာနေရလောက်အောင်တော့လည်း ဘ၀ကြီးက လွယ်ကူ ရိုးရှင်းခြင်းမရှိခဲ့ဘူး။ တုတ်တွေ လက်တွေရဲ့ တွန်းထိုးဝှေ့ခြင်း ပိုးကောင်တွေရဲ့ ထိုးဖောက်လှိုက်စားခြင်းတွေအောက် လူ...

5 Ways on How to Start Small for a Healthy Lifestyle and Personal Wellbeing

  It's no secret that living a healthy lifestyle is important for our overall wellbeing. As officer workers, we often find ourselves stuck in a sedentary routine that can take a toll on our physical and mental health. But fear not, because today we are going to explore five simple ways to start small and make big changes for a healthier you! 1. Shake It Off with Dance Breaks Who said office life has to be dull and monotonous? One great way to inject some fun into your day and get those endorphins flowing is by incorporating dance breaks into your routine. Put on your favorite tunes, let your hair down (metaphorically or literally, your choice!), and shimmy away the stress of the day. Not only will it improve your mood, but dancing is also a great form of exercise that can help you burn calories and stay fit. So go ahead, boogie like nobody's watching! 2. Step Up Your Game with Walking Meetings Sitting at a desk all day can be tiresome and detrimental to your health. But who say...