ဒီနေ့ ထူးဆန်းတဲ့နေ့၊ ကြက်သီးထလောက်အောင် ထူးဆန်းတယ်။ ဘာလို့ဆို မနက် ရေချိုးသန့်စင်ပြီး အလုပ်သွားမယ် ဆိုပြီး ဖိနပ်စီးလိုက်တယ်။
``ဖိနပ်ထဲမှာ ခုလုခုလုနဲ့ ဘာပါလိမ့်။´´
ပြန်ချွတ်ပြီး ကြည့်တယ်။ ``ခြေအိတ်ကလည်း မဟုတ်ပါဘူး။´´ နောက်ပြန်ဝတ်ကြည့်တယ်။
``တစ်ခုခု ရှိနေတုန်းပဲ´´ ဆိုပြီး ချွတ်ပြီး လက်နဲ့ စမ်းကြည့်လိုက်တယ်။
``အလုံးလေးပါလား´´ လက်နဲ့စမ်းကြည့်လိုက်တော့.....
``အိုးး ပိုးဟပ် မကြီးမငယ်ကြီးပါလား..´´ လန့်သွားတယ်.. ကြက်သီးတွေထလို့ပေါ့။
`` တက်နင်းမိတာ သေပြီလားမသိဘူး... ´´
ကံကောင်းချင်တော့ မသေဘူး။ ဒီအတိုင်း ထားခဲ့လိုက်တယ်။ ကျွန်တော်မှားသွားခဲ့ပြီ။ ဘာလို့ဆို ခဏနေ ဒီကောင်လေး သေမယ်မသေဘူးဆိုတာ နောက်ထွက်တဲ့ တစ်ယောက်ပေါ်မူတည်သွားတာကိုး။ စိတ်တော့မကောင်းဘူး။ တစ်ခါတည်း အပြင်ထုတ်လိုက်သင့်တယ်။ လန့်သွားတာနဲ့ မလုပ်မိတော့ဘူး။ ဒါလည်း အကြောင်းပြချက်ပါပဲ။ နောက်တစ်ခေါက်တော့ မဖြစ်အောင် သတိထားရမယ်။
ဒီလိုနဲ့ ရုံးရောက် အလုပ်တွေ လုပ်။ ထမင်းစားချိန် စားပြီး စာလေးဖတ်။ နောက်ရုံးခန်းထဲပြန်ဝင်။ အလုပ်ဆင်းခါနီး ငါးနာရီကျော်တော့ ဗိုက်ဆာတာနဲ့ ကော်ဖီဖျော်ပြီး ဟိုနေ့က ယူလာတဲ့ ခရင်မ် ခရက်ကာကို စားနေလိုက်တယ်။ အလုပ်ကိုလုပ်လိုက် စားပွဲအောက်ထည့်ထားတဲ့ မုန့်နှိုက်စားလိုက်လုပ်နေတုန်း။
``ဒီနေ့ မုန့်တွေက အရင်နဲ့မတူ နှစ်ချပ်သုံးချပ်လောက် ကျိုးပဲ့နေပါလား´´
စားရင်းစားရင်း၊ အကျိုးလေးတွေ ကုန်သွားတော့ ထပ်ယူလိုက်တဲ့အချိန်မှာ..
``ပျော့ပျော့စိစိနဲ့ ဘာပါလိမ့်´´ ``ရေဝင်ပြီးများ လုံးသွားတာလား´´ ``ထူးဆန်းတယ် ပျော့ပျော့
လုံးလုံးနဲ့.........ထုတ်ကြည့်ဦးမှပဲ´´
ဆိုပြီး မုန့်ထုတ်ကို စားပွဲအောက် System Unit ပေါ်ကနေ ယူလိုက်တယ်။ ဒီတစ်ခါ ဘယ်ဘက်လက်နဲ့။
``အားလားလား.... အိမ်မြှောင် မကြီးမငယ်ကြီး ပါပဲလား´´
၃ စက္ကန့်လောက် ဘာဖြစ်သွားမှန်း မသိဘူး အိမ်မြှောင်လေးရဲ့ မျက်စိပြူးပြူးလေးမြင်ပြီး အိပ်ချင်စိတ်တောင် ပျောက်သွားတယ်။
ကြည့်လိုက်တော့ မလှုပ်မယှက်နဲ့ မသွားဘူး။ ဒီလိုနဲ့ အမှိုက်ပုံးထဲကို ထုတ်ချလိုက်တယ်။ အမှိုက်ပုံးထဲမှာ မှောက်ရက်လေး ဒါပေမယ့် တောင့်တောင့်ကြီး ဖြစ်နေတယ်။ လေနဲ့ မှုတ်ကြည့်တယ်။ မလှုပ်ဘူး။ လက်ထိပ်တွေ ခြေထိပ်တွေ အမြီးထိပ်တွေ မည်းပြီးတောင့်နေတယ်။ အင်းး သေသွားပြီပဲ။
``ငါ့ကြောင့်များ သေသွားတာလား...´´ ဆိုပြီး ပက်လက်လှန်ကြည့်လိုက်တယ်။ လည်ချောင်း နဲ့ ဝမ်းဗိုက် တစ်ဝက်လောက်အထိ အမည်းရောင်တွေဖြစ်နေတယ်။
``ပလပ်စတစ်ဖြစ်လို့ လေနည်းရတဲ့ကြားထဲ အဲဒီမုန့်တွေက လေတွေကိုစုတ်ထားပြီး လေမရှိသလောက် ဖြစ်နေတဲ့အချိန်မှာ .. ဒီကောင်က အများကြီးစားလိုက်တာကိုး.... ဒီတော့ အစာဘယ်ချေနိုင်တော့မလဲ´´ အပေါ်က အမည်းရောင်တွေက အစာတွေပေါ့။ စိတ်မကောင်းပါဘူး။ ဒီလိုနဲ့ အိမ်ရောက်လာပြီး အခုလိုစာချရေးနေလိုက်တယ်။
အင်း.... ဒါဟာ အသိဉာဏ် မရှိခြင်း ရဲ့ အကျိုးပဲ။ ရှိရက်နဲ့ မစဉ်းစားရင်လည်း မသိတာခြင်းအတူတူဆိုတော့ ရလဒ်က အတူတူလောက် ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ပြန်ထွက်ပြေးလို့မရလို့ပဲလား... ပြေးလို့လွတ်လည်း မစဉ်းစားသရွေ့တော့ မြန်မြန်သေဦးမှာပဲလို့ ထင်တယ်။.... နောက်ဘဝမှာရော......... ဒီကောင်လေးတွေ စဉ်းစားနိုင်ပါ့မလား... စဉ်းစားချင်စိတ်ရှိရကောင်းမှန်း သိပါ့မလား....
သြော်.... ဘာလိုလိုနဲ့ ငါတောင် စဉ်းစားတာ တော်တော်များသွားပြီ။ စဉ်းစားတာများသွားတော့လည်း ဆိုင်ပိတ်သွားရင် ထမင်းငတ်တော့မယ်။ ထမင်းသွားစားလိုက်ဦးမှ။
Comments
ဖတ်နေရင်းနဲ့ ရွံလိုက်တား)))))
သိတော့သိတယ် ဒါပေမယ့် ....
တွေးမိသွားတာလေးကို သဘောကျပါတယ်...
သနားပါတယ် .. ဘာတတ်နိုင်မလဲနော်
သတ္တ၀ါ တခု ကံတခုပေါ့ ..း((