ရောင့်ရဲခြင်း
ရောင့်ရဲခြင်းနဲ့ ပျင်းရိခြင်းဆိုတာ ရောထွေးနေတတ်ကြတဲ့ တရားနှစ်ခုပါပဲ။ ဥပမာ - ရောင့်ရဲခြင်းဆိုတာ ဈေးကြီးပြီး လုပ်ဆောင်ချက်ကောင်းတဲ့ ကွန်ပျူတာ မဝယ်နိုင်သေးတဲ့အချိန်မှာ ရှိပြီးသား ၄ နှစ် ၅ နှစ်သက်တမ်းရှိတဲ့ ကွန်ပျူတာအဟောင်းလေးနဲ့ သုံးနေပြီး ဝယ်ချင်တာလေး ဝယ်နိုင်ဖို့ စုစုဆောင်းဆောင်းလေးနဲ့ ချင့်ချိန်သုံးစွဲနေခြင်းဖြစ်ပြီး ပျင်းရိခြင်းကတော့ လိုချင်ပေမယ့် ရအောင်လုပ်ဆောင်မှုမရှိဘဲ ဆင်ခြေတွေပေးနေခြင်း ဖြစ်ပါတယ်။ ရအောင်လုပ်ဆောင်ခြင်း မရှိခြင်းကြောင့် ရဖို့ရာ အခွင့်အလမ်းက သုညပေါ့။ အဆုံးမှာတော့ အဲဒီ ပျင်းရိခြင်းကို ပျင်းရိသူတွေက ရောင့်ရဲတယ်လို့ မှားယွင်းစွာ နာမည်တတ်လိုက်ကြတယ်။ ဒါကိုလည်း စဉ်းစားဆင်ခြင်မှု မရှိသူ/မပြုသူတွေက ဒါဟာ ရောင့်ရဲခြင်းဘဲလို့ အမှားကို အမှန် ထင်တတ်ကြတယ်။
အလားတူစွာပဲ ရောင့်ရဲခြင်းနဲ့ ရှာဖွေလိုစိတ်မရှိခြင်းစတဲ့ သီးခြားစီရှိနေတဲ့ တရားနှစ်ခုကိုကိုလည်း ရောထွေးနေတတ်ကြပါတယ်။ လူအများကို ကူညီချင်လို့ဖြစ်စေ၊ မိမိကိုယ်ကို ကူညီချင်လို့ဖြစ်စေ စီးပွားဥစ္စာ၊ ပညာတွေကို ရှာဖွေခြင်းအမှုကို ပြုနေကြရပါတယ်။ အဲဒီအခါမှာ အားကြိုးမာန်တက် ရှာဖွေလိုတဲ့သူနဲ့ သက်သက်သာသာ ရှာဖွေလိုသူရယ်လို့ ကွဲပြားနေပါတယ်။ ဒီနေရာမှာ ကောင်းမွန်တဲ့ လိုချင်မှုကို အခြေခံပြီး ကြိုးကြိုးစားစား ရှာဖွေသူတွေကို မလိုသူ / မစဉ်းစားသူတွေက လောဘကြီးတယ်လို့ တံဆိပ်ကပ်သလို သက်သက်သာသာဘဲ ရှာဖွေ နေသွားလိုသူတွေကိုလည်း ရောင့်ရဲ့ခြင်းကြောင့် ရှာဖွေလိုစိတ်မရှိတာလို့ ပြောတတ်ကြပြန်တယ်။ သီးခြားရှိနေတယ်လို့ ဆိုလိုခြင်းဟာ ဒီနှစ်ခုမှာ အပြန်အလှန် အကြောင်း အကျိုးပြုခြင်းမရှိသလို တခုကို တခုမှီခိုခြင်းမရှိပါဘူး။ လိုချင်မှုဟာ မရောင့်ရဲခြင်းကြောင့် မဟုတ်သလို၊ ရောင့်ရဲခြင်းဟာ မလိုချင်မှုကြောင့် မဟုတ်ပါဘူး။ တခုကြောင့်တခုဖြစ်တာ မဟုတ်ပေမယ့် အတူတကွ လုပ်ဆောင်ရမယ့် တရားနှစ်ခုဖြစ်ပါတယ်။ တနည်းဆိုရရင် လိုချင်တာ မရသေးတဲ့အချိန်မှာ ရောင့်ရဲနေရပါမယ်၊ မဟုတ်လျှင်တော့ ယံပိစ္ဆံ န လဘတိ၊ တံပိ ဒုက္ခံ လိုချင်တာမရခြင်းသည် ဆင်းရဲ၏ ဆိုသလို စိတ်ဟာ သောက ရောက်နေရပါလိမ့်မယ်။
ပျင်းရိခြင်း
အားလုံးကြားဖူးကြတဲ့ ၁) ပူခြင်း ၂) အေးခြင်း ၃) မိုးချုပ်ခြင်း ၄) စောခြင်း ၅) ဆာလောင်ခြင်း ၆) ပြည့်အင့်ခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာ ပျင်းရိခြင်း အကြောင်း (၆) ပါး အပြင်၊ ပျင်းရိခြင်းကိုဖြစ်စေနိုင်သည့် အခြားစိတ်ပိုင်းဆိုင်ရာအခြေအနေများလည်း ရှိပါသေးသည်။ ၎င်းတို့မှာ- မိမိတို့မှာ လုပ်ဆောင်နိုင်သည့် စွမ်းရည်မရှိဟု ထင်မှတ်ခြင်း၊ လုံ့လနည်းခြင်း၊ သက်သာစွာ နေလိုခြင်း၊ ပြောင်းလဲမှုပြုရန် ကြောက်ခြင်း တို့ဖြစ်ကြပါသည်။
လုံ့လ
လူတိုင်းလူတိုင်း သက်သာစွာ နေလိုကြသည်၊ သို့သော် လှုပ်ရှားပြောင်းလဲနေသော ဒီဘဝကြီး ရပြီးမှတော့ မပြောင်းမလဲဘဲ သက်သက်သာသာ နေရန် မဖြစ်နိုင်တော့ပါ။ ဆောင်ရွက်စရာ အမှုကိုတော့ လုံ့လပြု၍ လုပ်ဆောင်ကြရပါမည်။ မိသားစုတစုတွင်ဖြစ်စေ၊ အစုအဝေး တခုတွင်ဖြစ်စေ၊ အဖွဲ့အစည်းတခုတွင်ဖြစ်စေ၊ ဆောင်ရွက်စရာကို မပြု အခါအားလျော်စွာ ပျင်းရိနေတတ်သူများ ရှိပါလျင် ထိုသူတဦးတည်းတွင်မက ကျန်သော အစုအဝေး အဖွဲ့အစည်းကိုပါ အကျိုးဖြစ်လာစေပါသည်။ (အကျိုးဆိုသည်မှာ ရလဒ်တခုခု၊ အကျိုးသက်ရောက်မှု တခုခုဟု မှတ်ယူပါ) မီးတောက် တခုရှိလျှင် အနားရှိ အရာဝတ္ထု သက်ရှိတွေကို ပူသည့်ခံစားမှု ဖြစ်စေပါသည်။ မီးတောက်မှသည် တဆင့်တဆင့် ပို၍ကြီးထားလာသော မီးပုံကြီး ဖြစ်လာပါမူ ဆိုဖွယ်ရာ မရှိတော့ပါ။ ထို့အတူ ပျင်းရိသူ တဦးတယောက်မှသည် ပို၍များပြားလာလျှင် ကျန်သူများမှာ သတိပြု လုပ်ကိုင်ကြရပါတော့မည်။ သို့ပေမယ့် အောင်မြင်သည့် အစုအဖွဲ့များတွင်တော့ ပျင်းရိသူသည် ထင်သာမြင်သာရှိပြီး ကြီးမားသော အရေးကိစ္စတခုဖြစ်လျှင် ကျရှုံးသွားတတ်ကြသည်။ လုံ့လပြုသူများနှင့်ယှဉ်လျှင် ပျင်းရိသူမှာ အမြဲရှုံးနေရသည်။ ထို့ကြောင့် ထိုကဲ့သို့သော အစုအဖွဲ့များမှာတော့ ပျင်းရိသူများမှာ ကြာရှည်စွာ ရပ်တည်ခွင့်မရတတ်ကြပေ။ ထို့ကြောင့် အချုပ်ဆိုရသော် အထက်က မီးတောက်ဥပမာအားဖြင့် မိမိပျင်းရိနေပါက မိမိနှင့် သက်ဆိုင်သော သူများကိုပါ ပူစေနိုင်သည်ဖြစ်သောကြောင့် မိမိကိုယ်တိုင်နှင့် လူအများကို ချစ်ခင်သောအားဖြင့် ပျင်းရိခြင်းကို ပယ်သတ်ခါ ဤလောကကြီးကို လုံ့လဖြင့် နေထိုင်အကျိုးပြုသင့်ပါသည် ဟု ဆန္ဒပြုရေးသားမှတ်တမ်းတင်လိုက်ရပါသည်။
TNT
11:22 AM (GMT +8)
March 15 2011
Comments
သာယာချမ်းမြေ့ပါစေရှင်း
မိုး
အင်း .. ငါကတော့ တခါတလေ ပျင်းတယ်ဟ .. အမြဲတော့မဟုတ်ပါဘူး .. :D