လောကဓံ နဲ့ကြုံရင် စိတ်ဓာတ်ကြံ့ခိုင်သူတွေသာ အောင်မြင်နိုင်တယ် . လောကဓံဆိုတာ လောက ဓမ္မဘဲ . လောကဓမ္မဆိုတာကတော့ လောကကြီးမှာ သက်ရှိသက်မဲ့တိုင်း ကြုံရတဲ့ တရားသဘောတွေပဲပေါ့ . အဲဒီတရားတွေကိုဆင်ခြင်ကြည့်ရင် အရင်းအနေနဲ့ သုခနဲ့ ဒုက္ခဆိုတာ တွေ့ရမယ် . လူတွေဟာ ဒုက္ခကိုဘဲ လောကဓံလို့ အမှတ်မှားနေကြတယ် . အကြောင်းက ထင်သာမြင်သာရှိပြီး ကြမ်းကြမ်းတမ်းတမ်း ခံစားရတာကိုး . သုခကိုတော့ လောကဓံလို့ သဘောပေါက် နားလည်တဲ့သူတွေ နည်းတယ် . သူက နူးညံ့ပြီး သိမ်မွေ့တာကြောင့် အများက သဘောပေါက်လေ့ မရှိဘူး . ငါခံစားပိုင်ခွင့်ရှိလို့ အစချီတဲ့ သဘောတွေသာ နှလုံးသွင်းမိကြတယ် . အဲဒီတော့ ဘာဖြစ်သလဲဆို.. ကောင်းနေတုန်းတော့ ဟုတ်လို့ မကောင်းတော့တဲ့အခါကျတော့ ငါ့ကျမှဘာလို့ဖြစ်ရပါလိမ့်ဆိုတဲ့ အတွေးမှားတွေ တသီကြီး ဝင်လာမယ် . ကြာရင် စိတ်ကျရောဂါရ စိတ်တွေ ထိခိုက်လာမယ် . အမှန်ကို နားလည် သဘောမပေါက်ခြင်းရဲ့ ရလဒ် ဘယ်လောက် ဆိုးလိုက်သလဲ.... ဒါကြောင့် ကောင်းတာနဲ့တွေ့တွေ့ မကောင်းတာနဲ့တွေ့တွေ့ ကျောက်ဆောင်သဖွယ် တောင်ကြီးသဖွယ် တည်တည်တံ့တံ့ နေရမယ် .
ဒီစာထဲမှာ သိတယ်လို့မသုံးဘဲ သဘောပေါက်နားလည်တယ်လို့သုံးထားတာ အဲဒီစာလုံးတွေရဲ့ အဓိပ္ပါယ်ကွာခြားတယ်ဆိုတာကို သတိထားမိစေချင်လို့ပါ . ဘာလို့ဆို လူ တော်တော်များများက အကြောင်းအရာတော်တော်များများကို သိတယ် ဒါပေမယ့် သိတာဟာ နားလည်သဘောပေါက်ခြင်းလောက် လက်တွေ့ဖြစ်ရပ်ကို မလွန်ဆန်နိုင်တာကြောင့်ပါဘဲ . နားလည်သဘောပေါက်ခြင်းဆိုတာကို ကိုယ်တွေ့လို့ပြောပြီး သိတာကိုတော့ တဆင့်ခံ သိတယ်လို့ ပြောလို့ရမယ်ထင်တယ် ဥပမာ - တောရိုင်းထဲမှာ လမ်းပျောက်ဖူးသူနဲ့ လမ်းပျောက်ရင် မည်သို့မည်ပုံ နေဖို့ စာထဲက သိသူ နှစ်ဦး လမ်းပျောက်တဲ့အခါ အခြေအနေကို ကိုင်တွယ်နိုင်ပုံ ကွာသလိုပေါ့. နောက်ဥပမာတခုဆိုရရင် - အများက ဝေဖန်ရင် သည်းခံကြပါ ဒေါသမထွက်ကြဘဲ တိုးတက်အောင် ဖြေရှင်းဖို့ တိုက်တွန်းလေ့ရှိတဲ့ စာရေးဆရာကြီး တဦး စာပေရှင်းလင်းပွဲရောက်လို့ သူ့စာကို ဝေဖန်ခံရတဲ့အခါ ရှူးရှူးရှဲရှဲ ဒေါသထွက်သလို ဖြစ်တတ်လို့ပါပဲ . (ဒေါသမထွက်သင့်မှန်း သူသိပါရဲ့နဲ့ ဒေါသကို မထိန်းနိုင်ခဲ့ဘူး) ဒါတွေဟာ သေချာသဘောပေါက်နားမလည်လို့ဘဲပေါ့
အဲဒီလိုအခြေအနေတွေကို ကြံ့ခိုင်တဲ့ စိတ်ဓာတ်ရှိသူတွေသာ မတုန်မလှုပ် ကျော်လွှား ဖြေရှင်းနိုင်ကြမှာ ဖြစ်တယ်
(ပုဒ်မ ခလုတ်က ပျက်နေတာ သည်းခံပေးတော်မူကြပါ း)
Comments