အမှတ်တရ ပန်းပွင့်လေး

တစ်ခုသောကောင်းကင်ပြာအောက်က တစ်နေ့သော ရက်မြတ်လေးထဲမှာ ရင်ဆိုင်ဆုံတွေ့ခဲ့တယ်။ မြင်လိုက်ရရုံခဏလေးနဲ့ ကိုယ့်နှလုံးသွေးများ ရပ်တန့်အောင် သိပ်လှနေတဲ့ အချစ်ရယ်။ ဆံစကနေ ခြေဖျားထိ အပြစ်ကင်းလွန်းတဲ့ မိန်းကလေးရယ်။ အသဲနင့်အောင် ချစ်မိတယ်။ အဲဒီ့သီချင်းလေး အတိုင်းပဲပေါ့။ မသွားဖူးသေးတဲ့ နေရာတစ်ခုကို သွားရင်းနဲ့ အဲဒီ့ပန်းကလေးကို စတွေ့ခဲ့ရတယ်။ စတွေ့ခါစမှာတော့ တစ်မျိုးဖြစ်သွားတယ်။ ဘာဖြစ်သွားလဲတော့ မပြောပြတတ်။ ပန်းကလေးကို ကြည့်ရတာ လန်းဆန်းလို့ ကြည်နူးစရာပေပဲ။ ပတ်ဝန်းကျင်တွေ ကလည်း အရမ်းကြည့်လို့ကောင်းနေလေရဲ့။ ဆူညံသံတွေလည်း မကြားရလောက်အောင်ပဲ။ ထူးဆန်းပါပေ့။ ဒီလိုနဲ့ တစ်နေကုန်သွား၊ တစ်လ ထွက်လာပြန်ပေါ့။ တစ်ခါတစ်ခါ ကြုံရင်ကြုံသလို သွားကြည့်ဖြစ်တယ်။ ဒီလိုနဲ့ သူ့ကို ပေါင်းသင်ရေလောင်း ပေးချင်စိတ်ဖြစ်လာခဲ့တယ်၊ အို.. ဒီနေ့ ပန်းကလေး သိပ်မလန်းဆန်းသလိုပါလား။ (တော်တော် လိမ္မာတဲ့ပန်းလေးပဲ)။ ဒီလိုနဲ့ အတွေးတစ်ခု ပေါ်လာတယ်။ ကိုယ့်နေရာ မဟုတ်ဘဲ တခြားနယ်ဆိုတော့ ဒီပန်းလေးကို ပြုစု ပျိုးထောင်ပေးတဲ့သူ၊ ခူးပြီးစိုက်ပျိုးထားတဲ့သူ တွေများ ရှိလေမလား....... အခုထိ ဘယ်သူမှတော့ သူ့အနားမှာ မတွေ့ရသေးဘူး။ ဒါပေမယ့် ဒီလို ခက်ခဲကြမ်းတမ်းတဲ့နေရာမှာ တော်တော်လှတဲ့ ပန်းလေး ပေါက်နေတယ်။ သူ့မှာ ခက်ထန်တဲ့ ပတ်ဝန်းကျင်ကို လိုက်လျောညီထွေ တုန့်ပြန်မယ့် ဆူးခက်တွေ မာကြောမှုတွေ အလျဉ်းမရှိ၊ ဆိုတော့ သေချာပါတယ်၊ ခရီးတွေ ဘာတွေ ထွက်သွားတာနေမှာပေါ့။ မဟုတ်ရင်တော့ ဒီလိုဘယ်ထားခဲ့လေလိမ့်မလဲ။ ကိုယ်ရှေ့ဆက်တိုးမယ်ဆို နောက်ကွယ်ကလူကို မတရားရာ ကျတော့မယ်။ ဘာလို့ခရီးထွက်သွားလဲ၊ ဘာလို့ထားခဲ့လည်း....၊ ကိုယ့်ကံနဲ့ကိုယ် လုပ်ပိုင်ခွင့်လည်း ရှိတယ်ဆိုပေမယ့် သူများ စိတ်ဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ကောင်းမယ်ဆိုရင်တော့ နေပါစေလေ........ ဒီလိုပဲ ကြုံရင်ကြုံသလို ဒီပန်းလေးကို ကာကွယ်၊ ကူညီပေးတာလည်း ကောင်းပါတယ်။ တွေ့နေရတာလည်း စိတ်ကြည်နူးစရာပဲမို့။ စဉ်းစားရင်း နောက်နေ့တွေကို စောင့်မျှော်ရင်း စာအုပ်တစ်အုပ် လှန်ကြည့်လိုက်တယ်၊ ဘာတဲ့.....ကမ္ဘာကြီးက အမြဲပြောင်းလဲနေတယ်ဆိုပါလား........

Comments

ခုတလော ဘလော့တွေမှာ ပန်းတွေ တော်တော်ပွင့်တယ် ..း))
chocothazin said…
ဟေ့ဟေ့
စာသားတွေ တယ်နုပါလား။
Waing said…
ပန်းလေးလည်း လေယူရာယိမ်းသွားလားမသိဘူးနော်။ ကမ္ဘာကြီးက ပြောင်းလဲနေသလို လူ့စိတ်တွေကလည်း ပြောင်းလဲတတ်စမြဲပဲလေ။
Nge Naing said…
လာဖတ်သွားပါတယ်။ အတွေးတွေကို ရေးထားတာလား။ ဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် အတွေးသိပ်များရင် ရူးတတ်တယ်လို့ ကြားဖူးလို့ တွေးလည်းတွေး သတိလည်း ထားပါနော့်။
ခင်မင်လျက်
မေလေး said…
ဟဟ မထင်ရဘူးနော်။
နင်အဲလိုတွေ ရေးတတ်လိမ့်မယ်လို့။
ပန်းတွေ တယ်များဘဲ
ဟဟ ကမ္ဘာကြီးအမြဲပြောင်းလဲနေတယ်...မှန်ချက်။

ကိုယ့်စိတ်တောင် နားမလည်နိုင်တာ၊ ကမ္ဘာကြီးတော့ ပြောင်းနေမှာပဲ။

ခင်တဲ့
WWKM said…
ပန်းကလေးကို အရင်နေ့ကဖတ်ပြီးသွားပြီ.
အယ်ရာတက်တာနဲ့ ကွန်မန့်မရေးသွားရတာလေ။
ကြိုးစားပြီးရေးထားပေးတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်
မောင်သက်နိုင်ရေ။
ပန်းလေးကို အဝေးကစောင့်ရှောက်ရရုံမကပဲ ပိုင်ဆိုင်ခွင့်
ရနိုင်ပါစေလို့...

ခင်မင်လျှက်

မကြီးဝါ
ပန်းကလေးကို ဖွဲ့ထားတာ တော်တော်ဖတ်လို့ကောင်းတယ်။
စာရေးကောင်းတယ်။ ဒီလို စာလေးတွေ ဆက်ရေးပါလား။

ခင်မင်စွာဖြင့်...
noblemoe said…
အမယ် အမယ် အဟွတ်အဟွတ် ဟုတ်နေတာ
ခုမှဖတ်မိတယ်။ ကြိုးစားထား

သာယာချမ်းမြေ့ပါစေရှင်း
မိုး