မာဂဏ္ဍိယသုတ် (အာရမ္မဏပစ္စည်း)

တစ်ခါက ဗြဟ္မဏအယူရှိတဲ့ မာဂဏ္ဍိ ဆိုတဲ့ ပဏ္ဍိတ် တစ်ယောက် မြတ်စွာဘုရားနဲ့တွေ့ကြတယ်။ တွေ့တော့ ဗြဟ္မဏတို့ အယူအတိုင်း ရူပါရုံ ဆိုလည်း ကြည့်ရမယ်၊ သဒ္ဒါရုံဆိုလည်း နားထောင်ရမယ်၊ ဒါမှ တိုးတက်မှာပေါ့၊ ကြီးကျယ်မှာပေါ့ လို့ ဆိုတယ်၊ ရှင်ဂေါတမကတော့ ဒါတွေကို မလိုက်စားရဘူးဆိုတော့ လောကကြီးကို ဖျက်ဆီးနေတာပဲ လို့ပြောတယ်။

ဒါနဲ့ ဗုဒ္ဓမြတ်စွာက ``စက္ခုံ ခေါ မာဂဏ္ဍိယ ရူပါရာမံ ရူပရတံ ရူပသမ္မုဒိတံ´´ မာဂဏ္ဍီ-စက္ခုပသာဒဆိုတာ ရူပါရုံကို အင်မတန်နှစ်သက်တယ်၊ စက္ခုပသာဒက ရူပါရုံ ရှိမှနေတတ်တယ်၊ ဘယ်လောက်သဘောကျလဲဆို ရန်သူလာတာတောင်မှ ကြည့်နေရမှ ကျေနပ်တယ်၊ မကြည့်ချင်တဲ့သူလာတာတောင် ကြည့်ရမှကျေနပ်တယ်၊ အဲဒီလောက်မွေ့လျော်တယ်။

သောတပသာဒ ကလည်း သဒ္ဒါရုံပေါ်မှာ အင်မတန် မွေ့လျော်တယ်၊ ``ဒါငါ့ကို ဆဲနေပါလား´´ ဒါကိုတောင် နားစိုက်နားထောင်နေတယ်၊ ဆဲနေတာသိတယ် ဒါပေမယ့် နားထောင်လိုက်ရမှ ကျေနပ်တယ်။ သဒ္ဒါရုံကို အဲဒီလောက် မွေ့လျော်တယ်။

ဃာနပသာဒ ကလည်း နှာခေါင်းမှာရှိတဲ့ ပသာဒကလည်း အနံ့ကို ရမှ၊ ``အင်း-နံလိုက်တာ၊ ဟုတ်တယ် တော်တော်နံတာပဲ´´ နံပါတယ်ဆို ရှုချင်သေးတယ်၊ အဲဒီလောက် တပ်မက်တယ်။

အရသာကျပြန်တော့ ``ဟင် မကောင်းလိုက်တာ၊ ဘယ်လိုချက်ထားတာလဲ၊ ငန်လိုက်တာ၊ ပေါ့လိုက်တာ၊ မှန်းစမ်း ငါမြည့်ကြည့်ဦးမယ်´´ မကောင်းဘူးဆိုတာတောင် မြည်းကြည့်ချင်လောက်အောင် ဖြစ်တယ်။

ကာယပသာဒ ကလည်း ဖောဋ္ဌဗ္ဗာရုံကို ဒီလိုပဲ ``ဒါက ကြမ်းမယ့်ပုံပဲ.. မှန်းစမ်း´´ အဲဒီလောက် ထိချင်တယ်။

မကောင်းတာတွေတောင် အဲဒီလောက်ဖြစ်တာ ကောင်းတာ ဆိုရှင်းဖို့မလိုဘူး။

ဒါကြောင့် ဗုဒ္ဓမြတ်စွာက ``မာဂဏ္ဍီ . . . နဂိုကမှ သတ္တ၀ါတွေရဲ့စိတ်က အာရုံတွေကို မွေ့လျော်နေတာဖြစ်တော့ ဒီအာရုံတွေ တိုးပွားအောင် လုပ်ရင် ဒုက္ခတွေ ဘယ်လျော့သွားလိမ့်မလဲ´´၊ ဘယ်လို များသလဲ၊ မလျော့သလဲ၊ နည်းအောင်လုပ်ရမလဲ ဆိုတော့-

လူတစ်ယောက်ဟာ နူနာရောဂါ ဖြစ်နေတယ်၊ အရည်တွေကလည်းပဲ ယိုလို့၊ ယားလို့ကုတ်တယ်၊ ကုတ်တယ်.. နောက်တော့ မီးကင်ကြည့်တယ် မီးကျီးကောင်းကောင်းနဲ့ ကင်လိုက်တော့ ပူတာနောက်ထား အရည်တွေ ခြောက်သွားတယ်၊ အတွင်းကပိုးတွေက နောက်ဆုတ်သွားတယ်၊ အယားပျောက်သွားတယ်ပေါ့။ ပျောက်သွားတယ် ထင်တယ်ပေါ့။ ဒါနဲ့ ခဏနေတော့ ယားလာပြန်ရော၊ မီးကင်ပြန်ရော၊ ပျောက်သွားလိုက်၊ ပြန်ဖြစ်လိုက်၊ မီးကင်လိုက်............. ရောဂါတိုးလာသလားတော့မသိဘူး၊ လျော့တော့ မသွားတာ သေချာတယ်။

ဒီလိုနဲ့ အတွေးပေါ်လာပြီး ဆေးဆရာကောင်းကောင်းကို ညွှန်တာနဲ့ ကုလိုက်တော့ ရောဂါပျောက်သွားတယ်။
ကောင်းလာတော့ မီးကျီးခဲတွေ့တော့ မိတ်ဆွေက နောက်တယ်။ အဲဒီတော့ `အဲဒါက ခဏပါကွာ မသိလို့ပါ´။

ရူပါရုံ-ဆိုပါတော့ ပွဲကြည့်ချင်တယ်၊ ဒီပွဲကောင်းလိုက်တာ အဲဒါကြည့်ချင်တာ သွားကြည့်မယ်၊ သဒ္ဓါရုံ နောက် တီးသံ မှုတ်သံပါကြားတော့ မနေနိုင်မထိုင်နိုင် သွားကြည့်ပါလေရော၊ ကြည့်ပြီးတော့ မီးကင်ပြီးသွားတော့ ``တော်ပြီ... နောက်မကြည့်တော့ဘူး၊ ပိုက်ဆံလည်းကုန်သေး၊ အချိန်လည်း ကုန်သေး´´။ နောက် လေးငါးရက် တစ်ပတ် ကြာတော့ ပွဲက လာပြန်ရော မနေနိုင်ပြန်၊ မီးသွားကင်လိုက်ပြန်၊ နောက်ဆုံး သီလ ထိန်းပြီး တရားထိုင် ပွဲလမ်းသဘင်ရဲ့ အပြစ်တွေကို သေချာ ဆင်ခြင်ပြီးမှသာ သီလ၊ သမာဓိ နဲ့ ပညာကြောင့် အဲဒီ စက်ဝန်းက လွတ်ပါလိမ့်မယ်။

ကာမဂုဏ်အာရုံ လည်းဒီလိုပဲပေါ့။ ရောဂါထကြတယ်၊ မီးကင်ကြတယ်၊ နောက် နောင်တရကြတယ်၊ နောက် မနေနိုင်ပြန်၊ ...........

ဒီလိုနဲ့ အာရုံခြောက်ပါး ရှိသမျှ နောက်ကို အရူးလို နူနာသည် လို လိုက်နေကြရတယ်။ အဲဒီတော့ သီလ၊ သမာဓိ နဲ့ ပညာ ကသာ တကယ် ကုနိုင်လိမ့်မယ်။

ဆိုတော့ မာဂဏ္ဍိယ ဗြဟ္မဏကြီး ကျေနပ်သွားပါလေရော၊ ဒါနဲ့ ရဟန်းပြုခွင့်တောင်းလို့ အားထုတ်လိုက်တော့ ရဟန္တာဖြစ်သွားလေသတည်း။


[ဥာဏ်တော် အလွန်ကြီးမားလှသော မြတ်စွာဘုရားကို ရှိခိုးကန်တော့ပါ၏၊ ဆရာအရှင် ဆရာတော် အရှင်ဇနကာ ဘိဝံသ ကိုလည်း ကန်တော့ပါ၏၊]

ဤသို့ အများကောင်းကျိုး မျှော်ကိုး၍ ရေးသားရသောအကျိုးသည် သတ္တ၀ါတွေကို ကူညီကယ်တင်နိုင်သည့် နောင်ပွင့်မည့် မြတ်စွာဘုရား၏ အဂ္ဂသာဝက ဖြစ်ကာ အဆုံးမှာ နိဗ္ဗာန် ကိုမျက်မှောက်ပြုနိုင်မည့် အထောက်အပံ့ ဖြစ်ပါစေသတည်း။

Comments

မေဇင် said…
ကောင်းလိုက်တဲ့ ပိုစ့်လေးပါ..။ အထောက်အပံ့ဖြစ်မှာပေါ့..။ကိုယ်တိုင်လဲ ကြိုးစား အားထုတ်လေ..။
Fraganipani said…
အခုလို တန်ဖိုးရှိတဲ့  မာဂဏ္ဍိယသုတ် (အာရမ္မဏပစ္စည်း) အကြောင်း မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် မှတ်သားစရာတွေ နဲ့ ဘလော့ (ခ်) ကနေ ပြန်သွားပါတယ် ။
naychi said…
ဤသို့ အများကောင်းကျိုး မျှော်ကိုး၍ ရေးသားရသောအကျိုးသည် သတ္တ၀ါတွေကို ကူညီကယ်တင်နိုင်သည့် နောင်ပွင့်မည့် မြတ်စွာဘုရား၏ အဂ္ဂသာဝက ဖြစ်ကာ အဆုံးမှာ နိဗ္ဗာန် ကိုမျက်မှောက်ပြုနိုင်မည့် အထောက်အပံ့ ဖြစ်ပါစေသတည်း။

တကယ်ကောင်းတဲ့ဆုတောင်းပဲ...

ဘာလို့ တဘ၀တည်းနဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် မဆုတောင်းတာလဲ

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)