သာယာလှသောနေ့တစ်နေ့၏ တစ်ခုသော နေ့လည်ခင်းမှာ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လို့။
ခဏကြာတော့ စကားသံတွေထွက်ပေါ်လာတယ်... ရင်းနှီးလှတဲ့လူနှစ်ယောက်ပေါ့။
ပထမ။ ။ ဟင်းးးးးးးး (သက်ပြင်းရှည်)
ဒုတိယ။ ။ ဘာဖြစ်လို့လဲ။
ပထမ။ ။ ဒီလိုပဲပေါ့ကွာ.... လကုန်ပြီလေ၊ ပစ္စည်းတွေဝယ်ရမယ်၊ ဘီလ် တွေဆောင်ရမယ်၊ အိမ်လခ
ပေးရမယ်၊ မိသားစုလည်း ထောက်ရမယ်၊ လေ့လာရမယ်။ ဒီကြားထဲ သူငယ်ချင်းတွေနဲ့လည်း တွေ့ရမယ်
သိပ်အဆင်မပြေပါဘူးကွာ၊ အချိန်ကုန်တာပေါ့။ ဘုရားတရားလည်း မလုပ်ဖြစ်ပါဘူးကွာ.... ဒီလိုပဲကြာလှပြီ။
အဲဒါကြောင့် စိတ်ရှုပ်လို့ပါ။ မင်းကြည့်ရတာတော့ ဘာမှ မရှိသလိုပါပဲလား။ (ဖြစ်သလို ၀တ်ထားတာကိုး) ပေါ့ပါးလွန်းနေသလိုပဲ။ ဘာပြဿနာမှမရှိဘူးလား။ ဒါပေမယ့် မင်းအဲလို ဖြစ်သလိုနေနေလို့ ဘာမှမဖြစ်တာမဟုတ်လား။
ဒုတိယ။ ။ (ပြုံးလိုက်၏) ကောင်းပြီ၊ ငါမဖြေခင် မင်းကိုအရင်မေးမယ်၊ မင်းက ဘယ်မှာနေတာလဲ။
ပထမ။ ။ ဟ..ငတုံး... ဒီမှာလေကွာ စင်္ကာပူမှာပေါ့ကွ။
ဒုတိယ။ ။ ဟုတ်ပေသားပဲ...အေး.. ငါလည်းဒီမှာပဲကွ။ ဒါနဲ့ မင်းဘာလုပ်လဲ။
ပထမ။ ။ မင်းသိရက်နဲ့...ကွန်ပျူတာ စပယ်ရှယ်လစ်။
ဒုတိယ။ ။ အေး... ငါလည်း အတူတူပဲကွ။ လူလွတ်ပဲမဟုတ်လား....
ပထမ။ ။ အေးလေကွာ...
ဒုတိယ။ ။ ကောင်းပြီ။ မင်းနဲ့ငါ လစာလည်း တူတယ်။ အခြေအနေလည်း တူတယ်။ ဒါဆို ရတာလည်း
တူလိမ့်မယ်။ အဲဒီ့တော့ ပေးရတာတော့ မတူဘူးလို့မင်းထင်လား။
ပထမ။ ။ (မေးစေ့က မုတ်ဆိတ်မွေး ငုတ်တိုလေးတွေကို ပွတ်လိုက်ပြီး) အင်းးးး မထင်ပါဘူး တူလောက်ပါတယ်။
ဒါပေမယ့် တစ်ခုတော့ လွဲတယ်။ မင်းက ဘာအပူအပင်မှမရှိဘူး။
ဒုတိယ။ ။ ကောင်းပြီ။ ဘာလို့ဆို... မင်းက ပူချင်တာကိုး။
ပထမ။ ။ ဘယ်လို... ငါက ပူချင်မလားကွ။
ဒုတိယ။ ။ ဒါဆို ဘာလို့ ပူနေသေးလဲ။
ပထမ။ ။ ................
ဒုတိယ။ ။ လခတွေ ဘီလ်တွေက ပေးရမှာတွေလေ.. မင်းရှောင်လို့ရမလား...။
ပထမ။ ။ ဘယ်ရမလဲ။
ဒုတိယ။ ။ အဲဒီတော့ ပေးပေါ့။ မိသားစုကိုလည်း ထောက်ပံ့ရမယ်။ စိတ်ကောင်းထားရင် စိတ်က
ကောင်းနေမှာပါပဲ။ ကံကံ၏အကျိုးကို သံသယ မဖြစ်ပါနဲ့။ မင်းဒီကိုရောက်လာတာ
မိသားစုကြောင့်မဟုတ်လား... သူတို့ မထောက်ပံ့ရင် မင်းကို ပညာတွေ ပေးမသင်ရင် မင်းရောက်နိုင်ပါ့မလား။
ဘယ်ရောက်နိုင်မလဲ.....။
ပထမ။ ။ အင်း....ဟုတ်တာပေါ့။
ဒုတိယ။ ။ နောက်တစ်ခုက မင်းသူငယ်ချင်းတွေကလည်း ကူညီခဲ့မှာ အသေအချာပဲ။ နောက် ကြီးပွားချမ်းသာ
ကြောင်းတရား(၄)ပါးမှာ မိတ်ဆွေ၊ အပေါင်းအသင်းလည်းပါတယ်ဆိုတာ မမေ့နဲ့။ မင်းက ယူတဲ့အချိန်မှာ
ယူတယ်။ ပေးဖို့ကို အချိန်မရှိဘူးဆိုတော့ မင်းက သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း ဖြစ်ပါ့မလား။
ဒီနေရာမှာလည်း ကံကံ၏အကျိုးက အကျုံးဝင်တယ်နော်...ကြာလာရင် ဘယ်လိုရလဒ်ဖြစ်လာနိုင်မလဲ...
သေချာစဉ်းစား။ မျှမျှတတ သာလုပ် အားလုံး အဆင်ပြေပါတယ်။ ချစ်ရမယ် မဆိုလိုဘူး။ ချစ်တယ်ဆိုတာ
မေတ္တာအလွန်အကျွံရှိတာ၊ ချစ်လို့ရှိရင် ခွဲရတဲ့အခါ၊ မတွေ့နိုင်တဲ့အခါ မင်းကောင်းကောင်းမနေနိုင်တော့ဘူး...
ဒေါသတွေ ဖြစ်လာနိုင်တယ်...အကျိုးဆက်က ကောင်းလား မကောင်းလား.. မင်းပဲစဉ်းစားပါ။ ဒါက
အစွန်းတစ်ဖက်... နောက်တစ်ဖက်က မင်းပြောတဲ့ အချိန်မရှိတာ... ပွင့်ပွင့်လင်းလင်းပြောရင်
မင်းကိစ္စပဲမင်းစဉ်းစားတယ်... သူများကို မေတ္တာမရှိဘူး... သူများအတွက် အချိန်မရှိဘူး... အဲဒီတော့
မင်းလိုတဲ့အခါ ရရင် ရမယ်... အကြောင်းကြောင်း ကြောင့်မရတဲ့အခါ မင်းဘာဖြစ်မလဲ...
ပထမ။ ။ ဒေါသထွက်မယ်... မကျေမနပ်ဖြစ်မယ်။
ဒုတိယ။ ။ အသေအချာပဲ။ သူတို့ကတော့ ဒါတွေသိမှာမဟုတ်ဘူး...။ ဘာလို့ဆိုသူတို့က မင်းကို
မေတ္တာရှိတယ်... တစ်ခြားဘာမှမသိဘူး၊ သူတို့တတ်နိုင်တာ သူတို့လုပ်တယ်...။
ဒုတိယ။ ။ အဲဒီအစွန်းတွေကြောင့်သာ မင်းစိတ် မအေးချမ်းနိုင်တာပါ။ ငါဆို ဒီပစ္စည်းတွေ ဘာမှ တပ်မက်
စရာမရှိဘူးဆိုတာ ငါသိထားတယ်။ ငါ့ကိုပေးတယ်။ ယူလိုက်တယ်။ ပေးရမယ်... ပေးလိုက်တယ်။
လာတောင်းတယ်... ပေးနိုင်တာ ပေးတယ်။ ပေးဖို့မဖြစ်နိုင်ရင်တော့... ပေးလို့မရဘူးပေါ့...။
ပထမ။ ။ အင်း... ဒါဆို ငါဘယ်ကနေစလုပ်ရမလဲ။
ဒုတိယ။ ။ နံပါတ်(၁)- အားလုံးကိုမေတ္တာသာထားပါ။
နံပါတ်(၂)- လောဘပါတဲ့တပ်မက်တဲ့စိတ်မထားပါနဲ့။
နံပါတ်(၃)- မျှမျှတတ လုပ်ပါ။ တရားမမေ့ပါနဲ့။ တရားတွေချည်း ဖတ်ခိုင်းတာ မဟုတ်ဘူးနော်။
ဖတ်ပြီး စဉ်းစား ဆင်ခြင်ရမယ်။ ငါပြောတာတွေထက် မင်းကို အကျိုးပြုနိုင်တဲ့ အကျိုးအကြောင်းခိုင်လုံတာတွေ
အများကြီးပါတယ်။ မင်းပြဿနာတွေက ဒါဆိုရလောက်ပါပြီ။
ပထမ။ ။ အင်း... အရမ်းပေါ့သွားပါပြီ။ ဒါနဲ့ ငါတစ်ခုမေးမယ်။
ဒုတိယ။ ။ အင်း.. ပြော။
ပထမ။ ။ နံပါတ်(၂)က လောဘစိတ်မထားရဘူးဆိုရင် ရှာချင်စိတ်နည်းသွားမှာပေါ့။ ဒါဆို ဘယ်မှာအောင်မြင်
တော့မှာလဲ။
ဒုတိယ။ ။ ကောင်းတယ်... ကောင်းတယ်။... မင်း မမေးမှာ ငါစိုးရိမ်တာ....။ အဲဒါက တော်တော်များများ
ရှင်းမရတဲ့ ပြဿနာပဲ။
ဒုတိယ။ ။ ငါလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ့ ယုံမှားသံသယက ပီနန်ဆရာတော်နဲ့တွေ့တော့မှ
ရှင်းသွားတယ်။ အဖြေကကွာ... မေးခွန်းကို ပြန်ကြည့်ရင် ရှင်းသွားပါလိမ့်မယ်... မြတ်စွာဘုရားက
အစွန်းတွေကို မသွားဖို့ သတိပေးထားတယ်ဆိုတော့ အစွန်းရောက်အောင်တော့ ဘယ်လုပ်မလဲ။ လောကီဆိုရင်
လောကီကိစ္စလုပ်... လောကုတ္တရာနဲ့ မရောနဲ့။ အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်အောင်ဘယ်လိုလုပ်ရမယ်
ဆိုတဲ့ ဘုရားဟော တရားတွေ အများကြီးရှိတယ်။ ရှာချင်စိတ်နည်းသွားအောင် တစ်ခုမှ မပြောထားဘူး။ မင်းမှာ
မိသားစုရှိတယ်၊ မိတ်ဆွေရှိတယ်... တခြားဝတ္တရားတွေရှိတယ်၊ အဲဒါတွေ မစွန့်လွှတ်နိုင်ဘဲတော့ မင်း
လောကုတ္တရာကို စဉ်းစားလို့မရသေးဘူး။ မိသားစုကို တာဝန်ကျေဖို့ တရားတွေ မိတ်ဆွေကောင်းတွေဖြစ်ဖို့
တရားတွေ အများကြီးရှိတယ်။ လောကီမှာ ဒီတာဝန်တွေကို မင်းပစ်ထားပြီး ကိုယ့်ကိုယ်ကိုအေးချမ်းအောင်
တရားကျင့်နေလို့ ဘယ်ရမလဲ။ ကိုယ့်ကိုယ်ကိုလည်း အေးချမ်းအောင် (၁) နဲ့ (၃) ကိုလုပ်ရမယ်။
တာဝန်တွေကျေဖို့ စီးပွားရှာရင် နံပါတ်(၂) နဲ့နေပေါ့။ အဲဒါက မင်း အရာဝတ္ထုတွေကို တပ်မက်သွားတဲ့အခါ
ဘာဖြစ်လာမလဲ... ဆုံးရှုံးရမှာကြောက်မယ် နောက်မတရားတဲ့နည်းနဲ့ပစ္စည်းတွေလိုချင်လာမယ်... အဲဒီလို
လောဘ၊ တပ်မက်တာကို ပြောတာ အဲလိုဖြစ်ရင် မင်း အောင်မြင်ကောင်း အောင်မြင်မယ်... ဘယ်တော့မှ
အေးချမ်းမှာ မဟုတ်ဘူး။ အဖြေက အဲ့ဒါပဲကွ။ တရားတွေကရှိတယ် သူ့နေရာနဲ့သူ မင်းစဉ်းစားပြီး အသုံးချရုံပဲ။ မဟုတ်ပဲ မင်းက တရားကို အပြစ်တင်ရင်တော့ မင်းပဲမှားမှာပေါ့။ မင်းမှာ အရမ်းအလုပ်လုပ်နိုင်တဲ့ ဦးနှောက်ကြီး ရထားတယ်။ အဲဒါကို မင်းသက်ညှာပြီး သိပ်မခိုင်းရင် မင်းခန္ဓာကြီးပဲ သေတဲ့အထိပင်ပန်းပြီး နောက်လည်း လွတ်နိုင်မှာမဟုတ်ဘူး...စကားတွေကြမ်းတမ်းတယ်တော့ မထင်ပါနဲ့ကွာ.. ငါက နည်းနည်း အလေးအနက်ဖြစ်စေချင်လို့ပါ။ လွယ်ပါတယ်ကွာ မင်းလုပ်နိုင်ပါတယ်။ လုပ်ချင်မယ်ဆိုရင်ပေါ့။
ပထမ။ ။ ကောင်းလိုက်တာကွာ..... အရမ်းကောင်းတယ်.. ဒါကြောင့် မင်းဒီလိုနေနိုင်တာကိုး။
ငါလုပ်နိုင်ပါတယ်ကွ။ တော်သေးတာပေါ့ကွာ... ငါဒီမှာ စာနဲ့ရေးထားလို့။ သူများတွေ စဉ်းစားနိုင်ဖို့
ငါရှယ်လိုက်ဦးမယ်။

Comments
ွ
နင်ပြောနေတာတွေက ငါ့ကိုပြောနေသလိုပါပဲ။ အမှန်အတိုင်းပြောရင် ငါရှာနေတာလဲ အဲဒီလိုပေါ့ပါးမှုတွေပဲ။ ငါ့ရဲ့ပုံစံအတိုင်း ငါအစွန်းရောက်နေတုန်းပဲ သူငယ်ချင်း။ တစ်ခါတရံ သိပ်ပေါ့ပြီး တစ်ခါတရံ သိပ်လေးလံနေတတ်တာမျိုးဖြစ်တုန်းပဲ သူငယ်ချင်း။
ပို့စ်လေးက မှတ်သာစရာရသွားတယ်...
(မေသူက တခါတလေ ဘေးချော်ချော်သွားတတ်တယ်...)
မှတ်သားသွားပါတယ်
:D
သာယာချမ်းမြေ့ပါစေရှင်း
မိုး
နံပါတ်(၂)- လောဘပါတဲ့တပ်မက်တဲ့စိတ်မထားပါနဲ့။
နံပါတ်(၃)- မျှမျှတတ လုပ်ပါ။ ....
အရမ်းကောင်းတယ် သူငယ်ချင်း .... ပညာတွေယူသွားပါတယ် ...