Skip to main content
ကျွန်တော်ကြိုက်တဲ့ ကျွန်တော့်ရဲ့အစောဆုံး ကွန်မန့်များ
ဉာဏ်စမ်း (http://nineninesanay.blogspot.com/2008/02/blog-post_15.html) 
တစ်နေ့မှာ လူတစ်ယောက် အရက်ဆိုင်ထဲ ဝင်လာတယ်။ အဲဒီလူရဲ့နောက်မှာ ဝက်တစ်ကောင်ပါတယ်။ ဝက်မှာ ခြေလက်မပါဘူး။ တုတ်လေးချောင်းကို ခြေလက်သဖွယ် လုပ်ပြီး လမ်းလျှောက်ရတယ်။ အဲဒီအဖြစ်ကို စားပွဲထိုးတစ်ယောက်က မြင်တော့ ထူးဆန်းအံ့သြပြီး ဝက်ပိုင်ရှင်ကို မေးတယ်။ “ဒီဝက်က ထူးဆန်းလိုက်တာ.. ဘာဖြစ်လို့ ခြေလက် မရှိရတာလဲ” “ကျွန်တော့်ရဲ့ဝက်က အရမ်းလိမ္မာတယ်။ ကျွန်တော်အရင်က အရမ်းဆင်းရဲတယ်။ တစ်နေ့မှာ အိမ်နောက်မှာ မွေးထားတဲ့ ဒီဝက်က ဟိုဆွ ဒီဆွနဲ့ ရေနံတွင်းတစ်တွင်းကို ဆွမိတယ်။ အဲဒီနောက် ကျွန်တော် အရမ်းချမ်းသာသွားတယ်” စားပွဲထိုးမှာ ဝက်ပိုင်ရှင်ရဲ့ စကားကို ကြားတော့ အံ့သြပြီးရင်း အံ့သြနေတယ်။ “အော်... ဒါနဲ့ သူ့ခြေတွေ လက်တွေက ဘယ်လိုဖြစ်ရတာလဲ” “ကျွန်တော့်ဝက်က လိမ္မာတယ်။ တစ်နေ့မှာ ငါးနှစ်အရွယ် ကျွန်တော့်သားလေး ရေနစ်တော့ ဒီဝက်က ဆင်းကယ်တယ်သိလား” “ဟာ... ထူးဆန်းလိုက်တာဗျာ.. ဒါနဲ့ သူ့ခြေလက်တွေက ဘာဖြစ်တာလဲ” “ကျွန်တော်ပြောပြီးပြီပဲ။ ကျွန်တော့်ဝက်က အရမ်းလိမ္မာတယ်လို့.. တစ်ညမှာ ကျွန်တော်တို့အိမ် မီးလောင်တယ်ဗျာ။ ဒီဝက်က ကျွန်တော်တို့ကို လာနိူးတယ်ဗျ။ ပြီးတော့ မီးဝိုင်းငြိမ်းသတ်ပေးသေးတယ်” ဝက်ပိုင်ရှင်က စိတ်မရှည်တော့တဲ့ လေသံနဲ့ ပြောပြန်တယ်။ “ဒီမှာ လူကြီးမင်း... ကျွန်တော်မေးတာက ခင်ဗျားဝက်မှာ ဘာဖြစ်လို့ ခြေလက်တွေ မရှိတော့တာလဲ” ဝက်ပိုင်ရှင်က မနှစ်မြိုတဲ့ လေသံနဲ့ ပြန်ဖြေပါတယ်။ “တကယ်လို့ ခင်ဗျားမှာ ဒီလိုလိမ္မာတဲ့ ဝက်တစ်ကောင်ရှိတယ်ဆိုရင် တစ်ကြိမ်တည်းနဲ့ သူ့ကို ခင်ဗျား အကုန်စားလိုက်မလား” ဒီစာက ဉာဏ်စမ်းနဲ့တော့ မတူဘူး။ ဟာသနဲ့တူနေတယ်။ ခြေလက်တွေ တဖြေးဖြေး ဖြတ်စားတော့ ဝက်က သေမသွားဘူးလားလို့ မေးတဲ့သူကလဲ ရှိသေးတယ်။ တကယ်တော့ ဒီနေရာမှာ အဓိက ပြောချင်တာက “ဝက်” မဟုတ်ဘူး။ ဝက်နေရာမှာ အခြားအကောင် တစ်ကောင်လဲ ဖြစ်နိုင်ပါတယ်။ ဆိုလိုချင်တာက လိမ္မာတဲ့ ဝက်ရဲ့ အရည်အချင်းကို ဝက်ပိုင်ရှင်က တဖြေးဖြေး သဲ့ယူ အသုံးချသွားတာဖြစ်တယ်။ ဝက်ပိုင်ရှင်လို သူဌေးမျိုးလဲ လောကကြီးမှာ ရှိပါတယ်။ ခိုင်းလို့ကောင်းတဲ့၊ အားနာတတ်တဲ့ ဝန်ထမ်းကို ပေးတဲ့လခနဲ့ မတန်အောင် ခိုင်း၊ အမြတ်ကြီးစား၊ နည်းနည်း နည်းနည်းစီ ညာညာခိုင်းပြီး မသုံးမဝင်တော့တဲ့ တစ်နေ့မှာ ကုမ္ပဏီကနေ ကန်ထုတ်တာမျိုးပေါ့။ တစ်ခါခါမှာ ကိုယ်က ဝက်ဖြစ်မှန်း မသိဖြစ်သွားရတယ်။
Comment: libratun said... ညံ့လိုက်တဲ့သူဌေးပဲ၊ ကျွန်တော်သာ သူ့နေရာမှာ ဆိုရင် အဲဒီဝက်လည်း ဝက်မှန်းသိမှာမဟုတ်ဘူး၊ ဆိုင်ရှင်ကတောင် ဟား.. ခင်ဗျားဝက်ကြီးက တောင့်လို့တင်းလို့ ကြည့်ကောင်းလှချည်လား လို့ချီးကျူးမယ်ထင်တယ်။ တကယ်လို့ ဝက်ကသာ အဲဒီ့ စကားတွေနားလည်ခဲ့မယ်ဆိုရင် ရွှေတွေ စိန်တွေရှာမယ့် ပညာတွေတောင် သူခဲရာခဲဆစ်သင်ပြီး ကျွန်တော့်ကို ကျေးဇူးပိုပြုလိမ့်မယ်။ 
~~~~~~~~~~~~~~~~~~~~~~~~~~~
ပျော်ရွှင်ခြင်း သော့ (http://nineninesanay.blogspot.com/2009/05/blog-post_21.html) 
ငယ်ငယ်လေးကတည်းက ဘိလပ်ရည်နဲ့ ပတ်သက်တဲ့ ထူးဆန်းမှုတစ်မျိုး ကျွန်တော့်မှာ ရှိခဲ့တယ်။ အဲဒီထူးဆန်းမှုက ဘိလပ်ရည်သောက်လို့ ကောင်းမကောင်းဆိုတာထက် ဘိလပ်ရည် မသောက်နိုင်လို့ပဲဖြစ်တယ်။ မိသားစုများတဲ့ ကျွန်တော်တို့မှာ ဘိလပ်ရည်သောက်ဖို့ မပြောနဲ့ အစားအစာကိုတောင် လောက်အောင် ဘယ်တော့မှ မစားနိုင်ဘူးဆိုတာ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ မှတ်မိနေခဲ့တယ်။ ကျွန်တော်တို့ ဘိလပ်ရည်သောက်ရတဲ့ အချိန်သုံးချိန်ရှိတယ်။ တစ်ချိန်က မင်္ဂလာပွဲ၊ တစ်ချိန်က နှစ်သစ်ကူးညနဲ့ နောက်တစ်ချိန်က အလှူတွေမှာဖြစ်တယ်။ အိမ်မှာ ဘိလပ်ရည်ရှိတိုင်းလည်း ကျွန်တော်တို့ လောက်အောင် မသောက်ရပါဘူး။ ဘိလပ်ရည်သောက်တဲ့ နေ့ကောင်းနေ့မြတ် ရောက်ပြီဆိုရင် ဖန်ခွက်ဆယ်လုံးကျော်ကို စားပွဲခုံပေါ် တင်ပြီး အစဉ်လိုက် ကျွန်တော်တို့ ဘိလပ်ရည်ထည့်ကြတယ်။ ဝေစုရတဲ့ ဘိလပ်ရည် တစ်ငုံ့စာကို သောက်ပြီး အားလုံးက နုတ်ခမ်းကို လျှာနဲ့သပ်ကြတယ်။ ပြီးတော့ ဘိလပ်ရည်ရဲ့ ချိုအေးတဲ့အရသာကို တဝကြီး ခံစားကြတယ်။ တစ်ခါက ကျွန်တော်လမ်းလျှောက်နေတုန်း ဘိလပ်ရည် အဝသောက်ပြီး တံစက်မြိတ်အောက်မှာ လေတက်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်မိတယ်။ အေ့….. လို့ ခပ်ရှည်ရှည်ဆွဲလိုက်တဲ့ လေတက်သံက အနားမှာ ရပ်နေတဲ့ ကျွန်တော်ကို ငေးမောသွားစေခဲ့တယ်။ ကျွန်တော် အားကျလိုက်တာ… ကျွန်တော့်ကိုယ်ကျွန်တော် မေးမိပါတယ်။ “ငါ ဘယ်အချိန်မှ ဘိလပ်ရည် တစ်ဝသောက်ရမလဲ? ဘယ်အချိန်မှ လေတက်အောင် ဘိလပ်ရည်သောက်ရမလဲ?” မူလတန်းတက်တဲ့အချိန်အထိ ဘိလပ်ရည်သောက်ပြီး လေတက်တဲ့အရသာကို ကျွန်တော်မခံစားခဲ့ဖူးဘူး။ ဘိလပ်ရည်ကို လေတက်လောက်တဲ့အထိ သောက်ရရင် ဘယ်လောက်များ ပျော်စရာကောင်းလိမ့်မလဲလို့ ကျွန်တော် အခါခါ စဉ်းစားခဲ့မိတယ်။ အဲဒီတုန်းကအိမ်မှာ ရေနံဆီမီးခွက်ကို အသုံးပြုနေတဲ့အချိန်ဖြစ်တယ်။ တစ်ခါက ရေနံဆီတွေကို ဘိလပ်ရည်ပုလင်းထဲ ထည့်ပြီး စားပွဲေအောက်မှာ အမေသိမ်းထားတယ်။ ဒါကို ကျွန်တော်က ဘိလပ်ရည်အထင်နဲ့ လူကြီးတွေအလစ်မှာ ပုလင်းကိုယူပြီး အားရပါးရ မော့ချလိုက်တယ်။ ချက်ချင်းပဲ မျက်ဖြူလှန်၊ ပါးစပ်အမြုပ်ထပြီး ကျွန်တော်ဆေးရုံရောက်သွားခဲ့တယ်။ ဆရာဝန်တွေ အသက်လုကယ်ခဲ့လို့ ကျွန်တော်အသက်ရှင်ခဲ့ရတယ်။ ဘိလပ်ရည်ကြောင့် အသက်ဆုံးရှုံးလုဖြစ်ခဲ့တဲ့ ကျွန်တော်ကို မိသားစုတွေက ဝိုင်းလှောင်ခဲ့ကြပေမယ့် ဘိလပ်ရည်သောက်ချင်တဲ့ ကျွန်တော့်ဆန္ဒက ကုန်ခမ်းမသွားခဲ့ဘူး။ ကျွန်တော်တတိယတန်း တက်တဲ့နှစ်မှာ အစ်ကိုဝမ်းကွဲ မင်္ဂလာဆောင်တယ်။ မင်္ဂလာနေ့မရောက်ခင် ရှေ့တစ်ညမှာ ကျွန်တော်လုံးဝ အိပ်မပျော်ခဲ့ဘူး။ အိပ်ရာပေါ်မှာ လူးလွန့်ရင်း နောက်တစ်ရက် ဘိလပ်ရည်အဝသောက်မယ်၊ လေတက်အောင် သောက်မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့ ခြံထဲကနေပြီး ဘိလပ်ရည် ရောက်မရောက်ကို ကျွန်တော်ချောင်းကြည့်နေခဲ့တယ်။ မနက် ၉နာရီမှာ ဘိလပ်ရည်လာပို့တဲ့ ကားကို ကျွန်တော်မြင်လိုက်တယ်။ ဘိလပ်ရည်တွေ တစ်နေရာမှာ သေတ္တာလိုက် ပုံထားတာကို မြင်တော့ ကျွန်တော်အပြေးသွားပြီး ဘိလပ်ရည်နှစ်ပုလင်း ကောက်ယူလိုက်တယ်။ ပြီးတော့ အိမ်သာဖက်ကို ကျွန်တော်ပြေးသွားခဲ့မိတယ်။ ကျွန်တော်တို့ ရွာအိမ်သာကို နေအိမ်နဲ့ တော်တော်အလှမ်းဝေးတဲ့နေရာမှာ ဆောက်ထားကြတယ်။ အိမ်သာတွင်းကြီးတစ်ခု တူးထားပြီး လအတော်ကြာမှာ သန့်ရှင်းရေးတစ်ခါ လုပ်ကြတယ်။ မခံမရပ်နိုင်တဲ့ အနံ့ဆိုးကြောင့် ကျွန်တော်တို့ ကလေးတွေက အများအားဖြင့် အိမ်သာထဲ မဝင်ဘဲ ကိစ္စကို အပြင်မှာ ရှင်းလိုက်ကြတာများတယ်။ ဒါပေမယ့် အဲဒီနေ့က အိမ်မှာရှိတဲ့ တစ်ခုတည်းသော အကောင်းဆုံး ပုန်းခိုနိုင်တဲ့နေရာ အိမ်သာထဲမှာပဲ ဘိလပ်ရည်သောက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အိမ်သာထဲရောက်တာနဲ့ တံခါးကို ကျွန်တော်ကန့်လန့်ချလိုက်တယ်။ ပြီးတော့ အဖုံးကိုဖွင့်ပြီး လေးစားကြည်ညိုတဲ့ စိတ်ထားနဲ့ ဘိလပ်ရည်ကို ကောက်မော့လိုက်တယ်။ ဂလု… ဂလုနဲ့ တစ်ကြိုတ်ထဲ ပုလင်းတစ်ခုလုံး ကျွန်တော်သောက်ပစ်လိုက်တယ်။ တဆက်တည်း နောက်တစ်ပုလင်းကို ကျွန်တော် ကောက်မော့လိုက်ပြန်တယ်။ ကျွန်တော့်ဝမ်းဗိုက်တစ်ခုလုံး ဘိလပ်ရည်တွေနဲ့ ဖောင်းထလာခဲ့တယ်။ အိမ်သာထဲ ကျွန်တော်ငြိမ်ငြိမ်လေး ထိုင်နေပြီး ပါးစပ်ထဲက လေအတက်ကို စောင့်နေခဲ့တယ်။ ကျွန်တော့်ဗိုက်ထဲ တဖြေးဖြေး လှုပ်ရှားလာခဲ့တယ်။ ဗိုက်ထဲက လေတွေ ရုန်းထလာသလို ခံစားတဲ့ တခဏ…… အေ့…… ကျွန်တော့်နှာခေါင်း၊ ပါးစပ်ထဲကနေ လေတွေ ထိုးထွက်လာခဲ့တယ်။ မျက်ရည်တွေ ဝဲသွားတဲ့အထိ ကျွန်တော် လေတက်နေခဲ့တယ်။ အဲဒီနောက် သက်ပြင်းရှည်ကြီးတစ်ချက် ကျွန်တော်ဆွဲချလိုက်တယ်။ “ဘိလပ်ရည်ကို လေတက်တဲ့အထိ တစ်ဝသောက်ရတဲ့ အပျော်မျိုး ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူးထင်တယ်” အိမ်သာတံခါးကို ဆွဲဖွင့်ပြီး အပြင်ကို ကျွန်တော်ထွက်လာခဲ့တယ်။ ကောင်းကင်ပေါ်ကနေ လူ့လောကထဲ ကျွန်တော်ပြန် ခြေချသလိုမျိုး နေရောင်ခြည်က ခါတိုင်းထက် ပိုနွေးထွေးနေတယ်လို့ ကျွန်တော်ခံစားမိတယ်။ အိမ်သာထဲ ဘိလပ်ရည်သောက်တုန်းက ဆိုးဝါးတဲ့အိမ်သာနံ့ကို ကျွန်တော်မေ့သွားခဲ့တယ်။ လူ့လောကရဲ့ စိတ်ညစ်မှုတွေကို မေ့သွားခဲ့ပြီး ဒီလောကမှာ ကျွန်တော်အပျော်ဆုံးလို့ ထင်ခဲ့မိတယ်။ အဲဒီအဖြစ်ကို ဒီနေ့ထက်ထိ ကျွန်တော်မှတ်မိနေခဲ့တယ်။ “ဘိလပ်ရည်ကို လေတက်တဲ့အထိ တစ်ဝသောက်ရတဲ့အပျော်မျိုး ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူးထင်တယ်” ဆိုတဲ့စကားကို ကျွန်တော်တစ်ခါထပ်ပြောမိတိုင်း မျက်ရည်ဝဲလောက်အောင် အပျော်တွေက ကျွန်တော့်ရင်ထဲမှာ အုံကြွနေခဲ့တယ်။ ဆင်းရဲဒုက္ခရောက်နေချိန်မှာ လူတွေလည်း ပျော်ရွှင်မှုကို ခံစားနိုင်ပါတယ်။ ထမင်းပူပူ တစ်ပန်းကန်ထဲ ဆီဆမ်းထည့်၊ ငံပြာရည်ထည့်ပြီး အိမ်ရှေ့တံစက်မြိတ်အောက်မှာ မွှေးကြိုင်တဲ့ ဆီထမင်းနယ် စားရတဲ့အရသာကို ကျွန်တော်အမြဲ အမှတ်တရရှိနေခဲ့တယ်။ ထမင်းတစ်စေ့ချင်းထဲမှာတောင် ပျော်ရွှင်တဲ့ ရနံ့တွေ မွှေးကြိုင်နေခဲ့တယ်။ တစ်ခါတလေမှာ ဒီလိုပျော်ရွှင်ခြင်းက အစားအသောက်က လာတာမဟုတ်ဘူး။ စိတ်လွတ်ကိုယ်လွတ် လယ်တောထဲ တစ်ညနေလုံး လဲလျောင်းနေလည်း ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ တစ်ခါတလေ ခြံထဲကမျိုးထားဖို့ ချန်ခဲ့တဲ့ အပင်တွေကနေ ပန်းပွင့်လာတာလည်း ပျော်ရွှင်ခြင်းတစ်မျိုး ဖြစ်တယ်။ တစ်ခါတလေ အိမ်မှာမွေးထားတဲ့ခွေးမ သားပေါက်ပြီး အရောင်မတူတဲ့၊ အမွေးဖွားခွေးလေးတွေ မွေးဖွားလာတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ ဘဝရဲ့ပျော်ရွှင်ခြင်းတွေက ပတ်ဝန်းကျင်၊ ရာထူးအနိမ့်အမြင့်၊ ဥစ္စာအနည်းအများနဲ့ မဆိုင်ပါဘူး။ ကိုယ့်စိတ်ကို ပတ်ဝန်းကျင် အနေအထားနဲ့လိုက်ပြီး ဘယ်လိုနေထိုင်မယ်ဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ဥစ္စာပစ္စည်းတွေနဲ့ ပျော်ရွှင်ခြင်းကို ကန့်သတ်လို့ မရပါဘူး။ ဆင်းရဲတဲ့သူ၊ ချမ်းသာတဲ့သူ၊ ရာထူးမြင့်သူ၊ ရာထူးနိမ့်သူမှာလည်း ပျော်ရွှင်ခြင်းတွေ ရှိနိုင်ပါတယ်။ ပျော်ရွှင်ခြင်းတွေ ကိုယ့်စီဝင်လာအောင် ပျော်ရွှင်ခြင်းတံခါးသော့ကို ဘယ်လိုစိတ်ထားနဲ့ ကိုယ်ဖွင့်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ စင်ကာပူထုတ် "သဇင်မဂ္ဂဇင်း" အတွက် ပို့ခဲ့တဲ့ ဘာသာပြန်လေးပါ။ မေလမှာ ဖော်ပြမဖော်ပြတော့ မသိပါဘူး း) မူရင်း- ထိုင်ဝမ်စာရေးဆရာ (Lin Ching Xuan) ၏ “ပျော်ရွှင်ခြင်း သော့” နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Comment: gadone said... စာထဲကလို ကိုယ်အလုပ်လုပ်ရမယ့် အလုပ်ပတ်ဝန်းကျင် မကောင်းတာနဲ့ပဲ ထွက်ပြေးပြီး မလျော်မညီလုပ်တာ မဖြစ်ဖို့လိုမယ်။ အမှန်တကယ်တော့ သူတို့လုပ်နိုင်ပါတယ်။ စည်းကမ်းဖောက်ချင်လို့ အကြောင်းပြချက် ရှာလိုက်ခြင်းပဲဖြစ်တယ်။ ကျွန်တော်တို့ခံစားမိမယ် ထင်တယ်။ အိမ်သာထဲကို ပထမဆုံးစဝင်တုန်းက အရမ်းနံပြီး နည်းနည်းကြာလာတော့ စဝင်တုန်းကလောက် ဘာလို့ မနံတော့တာလဲ။ သတ္တဝါတွေ ရဲ့ထူးခြားတဲ့ အချက်က မွေးကတည်းက ပတ်ဝန်းကျင်နဲ့ လိုက်ရောညီထွေနေထိုင်နိုင်ဖို့ အရည်အချင်းတွေ ပါလာခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်လုပ်ချင်တဲ့စိတ်နဲ့ ကိုယ်ကျင့် တရားမပျက်ဖို့ကလည်း အရေးကြီးတယ်လို့ထင်ပါတယ်။ 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွေးချယ်ခွင့် (http://nineninesanay.blogspot.com/2009/05/blog-post_19.html) 
သူ့ကို အီတလီ ပေါင်မုန့်ဖုတ်ဆရာတစ်ဦးမှ မွေးဖွားခဲ့တယ်။ ဖခင်က အော်ပရာကြိုက်နှစ်သက်သူဖြစ်ပြီး သူ့အတွက် နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းခွေကို အမြဲ ဝယ်လာပေးတတ်တယ်။ သီချင်းတွေ အမြဲနားထောင်ဖြစ်ခဲ့လို့ ငယ်ငယ်ကတည်းက သီချင်းဆိုတာကို သူဝါသနာပါခဲ့တယ်။ အသက်အရွယ် ကြီးပြင်းလာချိန်ထိ သီချင်းဆိုတာကို သူစွဲစွဲမက်မက် တပ်မက်နေခဲ့တယ်။ ဒါပေမယ့် ကလေးတွေကို သူချစ်တယ်။ ကျောင်းဆရာကောင်းတစ်ဦး ဖြစ်ဖို့လည်း သူမျှော်မှန်းထားခဲ့တယ်။ ဒါကြောင့် ဆရာအတတ်သင်ကျောင်းတက်ရင်း Arrigo Pola လို့ခေါ်တဲ့ အဆိုတော်ဆီမှာ သူတပည့်ခံခဲ့တယ်။ ကျောင်းပြီးတဲ့အချိန် သူက ဖခင်ကို "ကျောင်းဆရာနဲ့ အဆိုတော် ကျွန်တော်ဘာကိုရွေးသင့်သလဲ ဖေဖေ"လို့ မေးခဲ့တယ်။ ဖခင်က လေးလေးနက်နက်နဲ့ "တကယ်လို့ ထိုင်ခုံနှစ်လုံးကို သားတစ်ပြိုင်ထဲထိုင်ခဲ့ရင် ထိုင်ခုံနှစ်လုံးကြားထဲ သားပြုတ်ကျသွားလိမ့်မယ်။ ဒါကြောင့် ထိုင်ခုံတစ်လုံးကိုပဲ သားသေချာရွေးရလိမ့်မယ်" လို့ ဖြေခဲ့တယ်။ အဖေ့စကားကို နားထောင်ပြီး ကျောင်းဆရာအလုပ်ကို သူရွေးခဲ့တယ်။ စာသင်ရင်း ကျောင်းဆရာအလုပ်မှာ သူမဖြစ်ထွန်းနိုင်မှန်း သိခဲ့လို့ ကျောင်းကိုကျောခိုင်းပြီး သီချင်းဆိုဖို့ သူရွေးခဲ့ပြန်တယ်။ သူအသက် (၁၇)နှစ်အရွယ်မှာ ဖခင်ကသူ့ကို Rossini တီးဝိုင်းထဲ စာရင်းသွင်းပေးခဲ့တယ်။ တီးဝိုင်းသွားလေရာတစ်လျှောက် သူလိုက်ပါသီဆိုခဲ့တယ်။ များသောအားဖြင့် အခမဲ့ ဖျော်ဖြေတင်ဆက်မှုတွေမှာ သူအမြဲလိုက်ပါပြီး လူတွေ သူ့ကိုသတိထားမိလာအောင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် ၇နှစ်သာကြာသွားတယ်။ သာမန်အဆိုတော် ဘဝကနေ သူမတက်ခဲ့ဘူး။ သူ့ပတ်ဝန်းကျင်က မိတ်ဆွေအပေါင်းအသင်းတွေက အသီးသီး အောင်မြင်နေရာ ရသွားခဲ့ပေမယ့် သူ့မှာ မိသားစုကို ရှာကျွေးနိုင်တဲ့ အင်အားတောင် မရှိခဲ့ဘူး။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ဒီအချိန်မှာပဲ သူ့လည်ချောင်းမှာ အကျိတ်တစ်ခုပေါက်ခဲ့တယ်။ Ferraraမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ သူအားရပါးရ သီဆိုဖျော်ဖြေခဲ့ပေမယ့် ပရိသတ်တွေရဲ့ မလိုလားတဲ့ အော်သံတွေကြောင့် စင်ပေါ်ကသူဆင်းခဲ့ရတယ်။ ဒီလိုအချိန်မှာ လမ်းတစ်ဝက်မှာပဲ နောက်ဆုတ်ဖို့ သူရွေးချယ်နိုင်သလို မရပ်မနား ဇွဲလုံ့လနဲ့ ရှေ့ဆက်သွားဖို့လည်း သူ့မှာရွေးချယ်ခွင့်ရှိခဲ့တယ်။ ဖခင်ပြောခဲ့ဖူးတဲ့ စကားကို သူပြန်ကြားယောင်ပြီး ဇွဲလုံ့လနဲ့ ရှေ့ဆက်ဖို့ သူရွေးခဲ့တယ်။ လအတန်ကြာပြီးတဲ့နောက် ပြိုင်ပွဲတစ်ခုမှာ "La Bohème" ဆိုတဲ့ အော်ပရာသီချင်းတစ်ပုဒ်နဲ့ သူဝင်ပြိုင်ခဲ့တယ်။ ပြိုင်ပွဲအပြီးမှာ ပရိသတ်ဆီက မိုးခြိမ်းသံထက်ပြင်းတဲ့ လက်ခုတ်သံကို သူအောင်နိုင်ခဲ့တယ်။ အဲဒီနောက် သူ့အောင်မြင်မှုတွေ တရှိန်ထိုး တက်လာခဲ့တယ်။ ကမ္ဘာ့အော်ပရာ ပြဇာတ်ခုံပေါ်မှာ အအောင်မြင်ဆုံး သီဆိုသူအဖြစ် သူကျော်ကြားခဲ့တယ်။ သူ့အောင်မြင်မှုကို သတင်းထောက်တစ်ယောက် တွေ့ဆုံမေးမြန်းခဲ့ရာမှာ သူက "မပြတ်ရွေးချယ်မှုမှာ ကျွန်တော်အရွေးမှန်ခဲ့လို့ အောင်မြင်ခဲ့တာပါ" လို့ ဖြေခဲ့တယ်။ ရွေးချယ်မှုမှန်ခဲ့လို့ အောင်မြင်မှုလမ်းကြောင်းပေါ် သူရောက်ခဲ့တယ်။ အဲဒီကမ္ဘာ့တစ်ဝန်းကို ကိုင်လှုပ်နိုင်ခဲ့တဲ့ အီတလီအော်ပရာ အဆိုတော်က Luciano Pavarotti ပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိခဲ့ကြတယ်။ ရွေးချယ်မှုတွေထဲမှာ သာမန်အဆင့် နေ့စဉ်စားဝတ်နေရေးကနေ အမြင့်ဆုံးအဆင့် ပညာသင်၊ အလုပ်ရှာ၊ လင်ယူသားမွေးအထိ ရွေးချယ်ခွင့် ရှိခဲ့ကြတယ်။ ဒါပေမယ့် ဘဝမှာရွေးချယ်ခွင့် မရခဲ့တာ တစ်ခုရှိပါတယ်။ အဲဒါက ကိုယ်ရဲ့ မွေးဖွားရာနေရာ၊ ဒေသပဲဖြစ်တယ်။ ကျန်တာအားလုံးကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့် ရှိခဲ့ကြတယ်။ ရွေးချယ်ခြင်းက ကမ္ဘာပေါ်မှာ အကြီးမားဆုံးအင်အားဖြစ်တယ်။ လူ့လောက၊ လူ့ဘဝအောင်မြင် ကျရှုံးမှုတွေကို ဆုံးဖြတ်နိုင်တယ်။ အထီးကျန်ခြင်းထဲက ရွေးချယ်ခွင့်ရှိခဲ့ရင် စိတ်ရဲ့နှစ်သိမ့်မှုကို ရနိုင်တယ်။ ယုံကြည်မှုကို ပိုခိုင်မာစေတယ်။ နာကျင်ခြင်းထဲက ရွေးချယ်ခွင့်ရှိခဲ့ရင် ကုစားတဲ့ နည်းလမ်းကို ရနိုင်တယ်။ ကြံခိုင်မှုအင်အားကို ရစေနိုင်တယ်။ အမှောင်ထဲက ရွေးချယ်ခွင့်ရှိခဲ့ရင် အမှောင်ထွက်လမ်းကို ရနိုင်တယ်။ အလင်းကို ရင်ဆိုင်ကြုံတွေ့စေတယ်။ ကျဆုံးခြင်းထဲက ရွေးချယ်ခွင့်ရှိခဲ့ရင် ဆင်းရဲဒုက္ခကို လမ်းကြောင်းလွဲနိုင်မယ်။ အသစ်တစ်ဖန်ပြန်စဖို့ အင်အားဖြစ်စေတယ်။ အောင်မြင်ခြင်းထဲက ရွေးချယ်ခွင့်ရှိခဲ့ရင် အမြင့်ကို ပိုတက်လှမ်းနိုင်မယ်။ လူ့တန်ဖိုးကို အကောင်အထည်ဖော်ချင်ရင် ရွေးချယ်ခြင်းကို သတ္တိရှိရှိရင်ဆိုင်ရမယ်။ ရွေးချယ်ဖို့ တွန့်ဆုတ်မနေသင့်ဘူး။ ရွေးချယ်ခြင်းရှိမှ ဘဝက မပြတ်လှုပ်ရှားတက်ကြွမှုတွေ ရှိနေမယ်။ ရွေးချယ်ခြင်းရှိမှ ဘဝကံတရားရဲ့ ကြီးမားတဲ့အင်အားကို ဆုတ်ကိုင်နိုင်မယ်။ ရွေးချယ်ခြင်းရှိမှ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်။ ရွေးချယ်ခြင်းနှစ်မျိုးရှိတယ်။ မှန်ကန်တဲ့ရွေးချယ်ခြင်းနဲ့ မှားယွင်းတဲ့ရွေးချယ်ခြင်းတွေဖြစ်တယ်။ မှန်ကန်တဲ့ ရွေးချယ်ခြင်းက ပေးဆပ်ခဲ့တဲ့ကြိုးစားမှုတွေအတွက် လှပတဲ့အဆုံးသတ်ကို ရရှိစေတယ်။ ဒါမှအောင်မြင်တဲ့ လမ်းကြောင်းပေါ်က မချော်ထွက်နိုင်ဘူး။ စစ်မှန်တဲ့ လူ့တန်ဖိုးကို သိရှိခံစားစေနိုင်တယ်။ မှားယွင်းတဲ့ ရွေးချယ်ခြင်းက ဘဝကို မပျော်ရွှင်စေတဲ့ ရင်းမြစ်ဖြစ်တယ်။ ကိုယ့်ကြိုးစားမှုကို အလာဟသဖြစ်စေတယ်။ ကိုယ့်အပြုအမှုကို အမြင်ရိုင်းစေတယ်။ ဘဝတစ်ခုလုံးကို အမှောင်ဖုံးစေနိုင်ပြီး ကိုယ့်နာမည်ကို အမည်းစက်စွန်းစေနိုင်တယ်။ နာမည်ကြီး အောင်မြင်နေသူတွေကမှ ထူးကဲတဲ့ရွေးချယ်ခြင်းတွေကို ရွေးချယ်ခွင့်ရှိတာ မဟုတ်ပါဘူး။ သာမန်မှာလည်း ထူးကဲတဲ့ရွေးချယ်ခြင်းတွေကို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ နျူကလီးယားတင် ရေငုပ်သဘောၤ Kurskကြီး အေးခဲနေတဲ့ Barents ပင်လယ်ထဲ နစ်မြုပ်ချိန် သင်္ဘောစစ်သည်တွေရဲ့ ပထမဆုံး ရွေးချယ်ခြင်းက နျူကလီးယားတွေ ပင်လယ်ထဲယိုဖိတ်ပြီး ကမ်းစပ်နေပြည်သူတွေကို မထိခိုက်မိအောင် နျူကလီးယားဓာတ်ပေါင်းအိုးကို ပိတ်လိုက်ဖို့ပဲဖြစ်တယ်။ ဒီလိုရွေးချယ်ခဲ့လို့ သူတို့ရဲ့ အသက်ရှင်ခွင့်တွေ မျှော်လင့်ချက်မဲ့ခဲ့ရပေမယ့် ရုရှားပြည်သူတို့ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်။ ရွေးချယ်တတ်ဖို့ သင်ယူပြီး လူ့ဘဝတက်လမ်းအတွက် ရွေးချယ်ပါ။ ပျော်ရွှင်တာကို ရွေးမလား? သောကကိုရွေးမလား? အောင်မြင်တာကိုရွေးမလား? ကျရှုံးတာကို ရွေးမလား? ရွေးချယ်ခွင့်က ကိုယ့်လက်ထဲမှာပဲရှိပါတယ်။ မူရင်း - ရွှေလီရောက်တုန်း ဝယ်ခဲ့တဲ့ စိတ်အဟာရ ကြက်ပေါင်းရည် စာအုပ်တွေထဲက တစ်ပုဒ်ပါ။ မူရင်းရေးသားသူကို ဖော်ပြမထားပါဘူး။ အင်တာနက်မှာ ရှာကြည့်တော့လည်း မတွေ့ပါဘူး။ နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Comment: libratun said... အစ်မက စာတစ်ကယ်ဖတ်နိုင်တာပဲ။ ချီးကျူးပါတယ်ခင်ဗျာ။ ပထမကွန်မန့်က ရုံးကနေဆိုတော့ မြန်မာလိုမရလို့ အသုံးအနှုန်းမကောင်း မှာစိုးလို့ ကျွန်တော်ဆိုလိုချင်တာ ရွေးချယ်ခွင့်မှာ ကောင်းတာရွေးချယ်ခဲ့မိရင် အကောင်းဆုံးပေါ့။ ဒါပေမယ့်မှားယွင်းတာလည်း ရွေးမိနိုင်တယ်၊ ဒါပေမယ့် အချည်းအနှီးမဖြစ်ပါဘူး၊ ဘာလို့လည်းဆိုတော့ လူတွေက အမှားကသာ သင်ခန်းစာယူနိုင်ဖို့ အလေ့အကျင့်ရှိကြတာကလား၊ ဇာတ်ကောင်တောင်မှ မှားယွင်းတဲ့ ရွေးချယ်မှုသူလုပ်မိတာပဲ။ ဒါပေမယ့် သူကျိန်းသေပေါက် ကောင်းတဲ့သင်ခန်းစာတော့ ရခဲ့မှာပါ။ ဒါကြောင့် မှားခဲ့ရင်လည်း ဝမ်းနည်းစိတ်ပျက်မနေဘဲ ရည်မှန်းချက်ကိုသာ ဆက်သွားသင့်ပါတယ်။ 
gadone said... ""မှားယွင်းတဲ့ ရွေးချယ်ခြင်းက ဘဝကို မပျော်ရွှင်စေတဲ့ ရင်းမြစ်ဖြစ်တယ်။ ကိုယ့်ကြိုးစားမှုကို အလာဟသဖြစ်စေတယ်။ ကိုယ့်အပြုအမှုကို အမြင်ရိုင်းစေတယ်။ ဘဝတစ်ခုလုံးကို အမှောင်ဖုံးစေနိုင်ပြီး ကိုယ့်နာမည်ကို အမည်းစက်စွန်းစေနိုင်တယ်။"" အဲဒီစာကြောင်းကို ကျွန်တော်တော့ သဘောမကျနိုင်ဘူးဖြစ်နေတယ် း)... အစ်ကိုကြီး ဘီနိုကပြောတယ်... "I married my wife without choice..." တဲ့ his words definitely gave him away. မရွေးချယ်(ရွေးချယ်လို့မရ)တဲ့အတွက် မှားတဲ့အမှားကို မှားယွင်းတဲ့ရွေးချယ်မှုလို့ ခေါ်လို့ရမလား.... အဲဒီဥပမာနဲ့ဆိုရင် အစ်ကိုကြီး ဘီနိုက (အဲဒီ့ without choice ဆိုတဲ့စကားလုံးကို) သိရက်နဲ့ရွေးခဲ့တာလား... မဖြစ်နိုင်ဘူးထင်ပါတယ် (သိရက်နဲ့တော့ မမှားနိုင်ပါဘူး).. ဒါကြောင့် အဲဒါဟာ မသိပဲရွေးခဲ့တဲ့ မှားယွင်းတဲ့ရွေးချယ်မှုပါပဲ။ ဒါဆိုရင် နောက် ဒီလိုအခြေအနေမျိုးကြုံမယ်ဆိုရင် အဲဒီ့ စကားလုံးကို အစ်ကိုကြီး ပြန်ရွေးပါဦးမလား... ရွေးဦးမယ်ဆိုရင်တော့ ပြောစရာမရှိတော့ပါဘူး. မရွေးဘူးဆိုရင်တော့ အဲဒါဟာ မှားယွင်းစွာ ရွေးချယ်မှုက ရတဲ့သင်ခန်းစာဆိုတာ သေချာမယ်ထင်ပါတယ်... ဒီမှာကြည့်ရတာ စာရေးသူနဲ့စာဖတ်သူ လုံး၀ အမြင်တွေတူနေတယ်ထင်တယ် း)။ စိတ်တူကိုယ်တူ အရမ်းများလို့နေမှာပါ။ ကြာရင် ကျွန်တော်တစ်ယောက်တည်း ကန့်လန့်တိုက်တယ်လို့ ထင်မှာဆိုးရတယ် း).. ကျွန်တော်ကတော့ ဆွေးနွေးပြီးမှပဲ သဘောတူချင်တယ်..
Comments
chocothazin said…
but fri, sometimes i choose my way without thinking. the only thing i think is i'll try my best and accept it whatever will be.
But what i'm wrong is that i didn't count on the result of my choice may affect my surroundings especially my family.
It really makes me feel.
So my condition looks like this quotes, doesn't it?
Fri, please correct me if i'm wrong.
Libratun said…
Thazin, don't put the words "Fri, please correct me if i'm wrong.". That will show you don't have the confidence on your point. You must firm on your point. If there is something to discuss, i will discuss even if you don't invite. :)
Popular posts from this blog
ကျောင်းဖွင့်စနေ့
ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ...
A leaf
ခုတလော ဓာတ်ပုံတွေလိုက်ရိုက်နေတယ်။ ဖေ့ဘွတ်လည်း သိပ်မတက်ချင်၊ ဂူဂဲလ်ပလပ်စ်တော့ သုံးပေမယ့် သူငယ်ချင်းတွေက ဖဘမှာချည်းဆိုတော့ မဖြစ်ပြန်။ ဟိုရောက်ဒီရောက်ပေါ့။ ဒီလိုနဲ့ပဲ ဘလော့ဒေးနေ့က မဇွန်ရဲ့စာတို့ တခြားစာတွေ ဖတ်ဖြစ်တော့လည်း ဘလော့ကို ပြန်လာချင်လာပြန်ရော။ ဒါနဲ့ စည်စည်ကားကားလေးဖြစ်အောင်လို့ နီးစပ်ရာကို ပုံလေးတပုံပေးပြီး အက်ဆေး ဒါမှမဟုတ် ကဗျာလေး ဇွတ်ရေးခိုင်းလိုက်တယ်။ တော်တော်များများ ရေးပေးကြပါတယ်။း) သူတို့နဲ့ ကျွန်တော့်ကဗျာလေးကို ဒီမှာ တင်ဖြစ်သွားတယ်။ ကဗျာလေးကတော့- A Leaf Being grateful to meet with a droplet,  Life's not simple and easy all the time though. Fortifying and surviving from the teases  Of people and insects. With the help of the droplets and the mother soil,  To its best, A Leaf is giving the beauty to the Earth. သစ်ရွက်ကလေး ရေစက်လေးနဲ့ တွေ့နေရရင် ဘ၀ကြီးကအဆင်ပြေနေပြီ။ ကြာကြာနေရလောက်အောင်တော့လည်း ဘ၀ကြီးက လွယ်ကူ ရိုးရှင်းခြင်းမရှိခဲ့ဘူး။ တုတ်တွေ လက်တွေရဲ့ တွန်းထိုးဝှေ့ခြင်း ပိုးကောင်တွေရဲ့ ထိုးဖောက်လှိုက်စားခြင်းတွေအောက် လူ...
5 Ways on How to Start Small for a Healthy Lifestyle and Personal Wellbeing
  It's no secret that living a healthy lifestyle is important for our overall wellbeing. As officer workers, we often find ourselves stuck in a sedentary routine that can take a toll on our physical and mental health. But fear not, because today we are going to explore five simple ways to start small and make big changes for a healthier you! 1. Shake It Off with Dance Breaks Who said office life has to be dull and monotonous? One great way to inject some fun into your day and get those endorphins flowing is by incorporating dance breaks into your routine. Put on your favorite tunes, let your hair down (metaphorically or literally, your choice!), and shimmy away the stress of the day. Not only will it improve your mood, but dancing is also a great form of exercise that can help you burn calories and stay fit. So go ahead, boogie like nobody's watching! 2. Step Up Your Game with Walking Meetings Sitting at a desk all day can be tiresome and detrimental to your health. But who say...