Goal Setting နဲ့ Financial Freedom - ကျွန်တော့်ဘဝရဲ့ လက်တွေ့သင်ခန်းစာများ

Goal and Freedom

စင်္ကာပူမှာ အလုပ်လုပ်တုန်းက အမှတ်တရတစ်ခုရှိတယ်။ တခါတော့ မန်နေဂျာက Meeting မှာ အားလုံးကို မေးခွန်းတစ်ခု မေးဖူးတယ်... "လာမယ့် ၅ နှစ်မှာ မင်းတို့ဘာတွေဖြစ်ချင်လဲ၊ ဖြစ်ချင်တာတွေ ချရေးကြ၊ ငါကူညီနိုင်တာရှိရင် ကူညီပေးမယ်" တဲ့။ ဒီလိုနဲ့ အဟုတ်မှတ်ပြီး ဖြစ်ချင်တာတွေကို စိတ်ကူးရှိသမျှ ချရေးလိုက်တယ်။

၁။ ဒေါ်လာ ၃,၀၀၀ တန် Rado နာရီ ဝယ်မယ်၊ ပြီးရင် ဘာမှမလုပ်ဘဲ တစ်လ ဒေါ်လာ ၃,၀၀၀ ဝင်ငွေရှိရမယ်။
၂။ နောက်နှစ်မှာ တစ်နှစ်ကို ဒေါ်လာ ၁ သိန်း ရှာနိုင်ရမယ်။
၃။ နောက် ၂ နှစ်နေရင် တစ်နှစ်ကို ဒေါ်လာ ၂ သိန်း ရှာနိုင်ရမယ်။
၄။ ဥရောပမှာ နေထိုင်ရင်း Work from home လုပ်မယ် (သို့) ဘာမှမလုပ်ဘဲ ငွေဝင်နေရမယ်။
၅။ Master ဘွဲ့ ဆက်တက်မယ်။
၆။ Cybersecurity နယ်ပယ်မှာ Leadership role ရောက်ရမယ်။
၇။ Toyota Fortuner ကား ဝယ်မယ်။
စာရင်းကို ကြည့်ပြီးတော့ မန်နေဂျာက ပြန်ပြောတယ်... "မင်းတို့ ဒီပုံစံအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ ဒီထဲက တချို့အရာတွေက ဖြစ်လာနိုင်မှာ မဟုတ်ဘူး" တဲ့။ အဲ့ဒီတုန်းကတော့ ဒီစကားကို မှတ်သားထားလိုက်ပါတယ်။
တကယ်တော့ ဒါတွေက Manifestation လုပ်ရုံထက် ပိုပါတယ်။ လိုချင်တာတွေ ချရေး၊ မနက်တိုင်း ညတိုင်းရွတ်၊ စိတ်နှစ်ပြီး Visualise လုပ်နေရုံနဲ့တော့ လက်တွေ့ဖြစ်လာမှာ မဟုတ်ပါဘူး။ Manifestation ဆိုတာက ကိုယ်ရလာမယ့် အောင်မြင်မှုကို စိတ်က လက်ခံနိုင်အောင်၊ ကိုယ်နဲ့တန်တူညီမျှဖြစ်အောင် Mindset ကို ပြင်ဆင်ပေးခြင်းသာ ဖြစ်ပါတယ်။ "ငါနဲ့ မတန်ပါဘူး၊ မဖြစ်နိုင်ပါဘူး" လို့ စိတ်က ယူဆထားရင် တကယ်မရနိုင်သလို၊ ရခဲ့ရင်တောင် ကြာကြာမခံပါဘူး။ ဒါကြောင့် စိတ်ပြင်ဆင်မှုက အရေးကြီးပါတယ်။
ဒါပေမယ့် အပေါ်ကလို Goal တွေ ချရေးပြီးတဲ့အခါမှာတော့ ဒါတွေရဖို့ "How" ဆိုတဲ့ နည်းလမ်းကို ဆက်စဉ်းစားဖို့ လိုလာပါပြီ။ ကျွန်တော်ကတော့ အသေးဆုံး အဆင့်ကနေ စခဲ့တယ်။
ဥပမာ - နာရီဝယ်ဖို့ကိစ္စ။ ရုံးကအပြန် Shopping Mall ရောက်တိုင်း Rado နာရီဆိုင်ကို ဝင်ကြည့်တယ်၊ မလေးရှား လေဆိပ်ရောက်တိုင်းလည်း ဝင်ပတ်ကြည့်တယ်။ တစ်လကို ၂၀၀ စုရင် တစ်နှစ်ကျော်လောက်ဆို ဝယ်လို့ရပြီဆိုတာ တွက်ချက်မိတယ်။ အဲ့ဒီအချိန်မှာ Stock Trading လည်း စလုပ်နေပြီဆိုတော့ Plan ပြောင်းလိုက်တယ်။ Stock ကနေ တစ်လ ၅၀၀ အလိုလိုဝင်မယ်ဆိုရင် ၆ လနဲ့တင် ဒီနာရီဝယ်လို့ရပြီဆိုပြီး Target ထားလိုက်တယ်။
တစ်လ ၅၀၀ ရလာတော့ ၁,၀၀၀ ရအောင် ထပ်လုပ်တယ်။ တကယ်တမ်း Target ပြည့်လို့ ပိုက်ဆံရလာတဲ့အခါကျတော့ နာရီ မဝယ်ဖြစ်တော့ဘူး။ ဝတ်လိုက်ရင် လှမှန်းသိပေမယ့် ဒါဟာ မဖြစ်မနေ လိုအပ်တဲ့အရာ (Need) မဟုတ်မှန်း သဘောပေါက်လာတယ်။ ဝတ်ပြီးသွားရင် ပွန်းမှာပဲ့မှာ၊ အလုခံရမှာ စိုးရိမ်ရတဲ့ Liability တစ်ခုလို ဖြစ်လာတာကြောင့် မဝယ်ဖြစ်တော့ဘူး။ ဒါဟာ Goal ကို ချရေး၊ အဆင့်သေးသေးလေးတွေ ခွဲပြီး တစ်စိုက်မတ်မတ် လုပ်ဆောင်ခြင်းရဲ့ ရလဒ်ပါပဲ။
နောက်တစ်ခုက ငွေကြေးစီမံခန့်ခွဲမှု (Financial Management) ပါ။ ပိုက်ဆံကို သေချာစီမံခန့်ခွဲတဲ့ အကျင့်က ရည်မှန်းချက်ဆီကို ပိုမြန်မြန် ရောက်စေပါတယ်။ ကျွန်တော့်ရဲ့ Budget ခွဲဝေပုံကို မျှဝေပေးချင်ပါတယ်။
  • အိမ်ငှားခ - ၅၅၀ (အစောပိုင်း ၉၀၀)
  • စားစရိတ် - ၃၀၀
  • သွားလာစရိတ် - ၅၀ (အစောပိုင်း ၁၅၀)
  • ဖုန်းကဒ် - ၈ (အစောပိုင်း ၁၃)
  • စုငွေ - ၂၅၀၀ (အစောပိုင်း ၄၀၀)
  • အရေးပေါ်စုငွေ - ၂၀၀
  • အိမ်လွှဲ - ၃၀၀
  • အလှူ - ၂၀
  • Shopping - ၄၀
  • ကျန်းမာရေး - ၅၀
တွေ့တဲ့အတိုင်းပဲ စုငွေကို အများဆုံးဖြစ်အောင် လုပ်ပြီး ရင်းနှီးမြှုပ်နှံမှုထဲ ထည့်လိုက်တယ်။ အဲ့ဒီ Investment ကနေပဲ နာရီရသွားတယ်လို့ ဆိုရမှာပေါ့။ ဒီလိုနဲ့ စာရင်းထဲက ၁ ခု ရသွားပြီး ဖြစ်နိုင်မယ်တောင် မထင်ထားတဲ့ နောက်ထပ် ၂ ခု (ဥရောပမှာနေဖို့နဲ့ မာစတာတက်ဖို့) ပါ ထပ်ပြီး ပြည့်စုံလာခဲ့တယ်။
ဒီလို Mindset တွေ ရလာဖို့အတွက် စာအုပ်တွေလည်း အများကြီး ဖတ်ခဲ့ရပါတယ်။ Tim Ferriss ရဲ့ 4-Hour Workweek၊ Vince Stanzione ရဲ့ The Millionaire Dropout၊ Marcus Aurelius ရဲ့ Stoic Philosophy၊ Joseph Murphy ရဲ့ The Power of Your Subconscious Mind၊ Thomas J. Stanley ရဲ့ The Millionaire Next Door စတဲ့ စာအုပ်တွေအပြင် Investing နဲ့ Psychology ပိုင်းဆိုင်ရာ စာအုပ်တွေနဲ့ အခြားအတွေ့အကြုံတွေက ကျွန်တော့်ကို ပြောင်းလဲပေးခဲ့တာပါ။
အခုချိန်ထိလည်း ကျွန်တော် တစ်ခုခုကို လုပ်နေတုန်းပါပဲ။ ဒါပေမယ့် လူတွေမေးလာရင်တော့ သူများဆီကနေ လစာဆိုပြီးမရတာကြောင့် "အလုပ်မလုပ်ဘူး" လို့ပဲ ဖြေဖြစ်တယ်။ ဂျာမန်တွေနဲ့ နိုင်ငံခြားသားတွေကတော့ ဒီအဖြေကို နားလည်ပေမယ့် မြန်မာပြည်က လူတော်တော်များများကတော့ သိပ်သဘောမကျကြဘူး။ အလုပ်မလုပ်ရင် တန်ဖိုးမရှိတဲ့လူလို့ပဲ မြင်တတ်ကြတယ်။ ဒါပေမယ့် ကျွန်တော် ရှင်းမပြတော့ပါဘူး။ သူတို့အတွက် "လစာရတဲ့အလုပ်" ဆိုတာက တန်ဖိုးရှိကောင်း ရှိနိုင်ပေမယ့် ကျွန်တော့်အတွက်တော့ "အချိန်" နဲ့ "ကိုယ်တန်ဖိုးထားတဲ့အရာတွေ" က ပိုအရေးကြီးပါတယ်။ အခုလို အလုပ်မလုပ်ဘဲ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေကို အာရုံစိုက်နိုင်ဖို့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကြိုတင်စီမံထားခဲ့လို့ပါပဲ။ လူတိုင်းမှာ ဦးတည်ချက်နဲ့ ခံယူချက်တွေ မတူကြတဲ့အတွက် ရွေးချယ်မှုတွေလည်း ကွာခြားနိုင်ပါတယ်။ ဘယ်သူမှ မမှားပါဘူး။
လက်ရှိ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေဟာ နောင်လာမယ့် ၃ နှစ်အတွက် အခြေခံအုတ်မြစ်တွေပါပဲ။ ဒါတွေအားလုံးက အစက ပြောခဲ့တဲ့ Goal ချမှတ်တာကနေ စတင်ခဲ့တာပါ။
အရင်ကတော့ သူများတွေ အောင်မြင်တာတွေ့ရင် "ကံကောင်းလိုက်တာ၊ အရာထင်လိုက်တာ" လို့ တွေးခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့မပြောပြတဲ့၊ လူမမြင်ရတဲ့ နောက်ကွယ်က အချက်တွေကို မေ့နေတတ်ကြတယ်။ သူတို့ရဲ့ ပန်းတိုင်အတွက် တစိုက်မတ်မတ် ကြိုးစားခဲ့ရတာတွေ၊ "ကပ်စေးနည်းတယ်၊ ချစ်တီးကျတယ်" လို့ အပြောခံရပေမယ့် ခြစ်ကုပ်စုဆောင်းခဲ့တာတွေ၊ အိမ်တွေ/ရွှေတွေမှာ ရင်းနှီးမြှုပ်နှံပြီး အဆင့်ဆင့် တက်လှမ်းခဲ့တာတွေကို ဘေးလူတွေက မမြင်ကြပါဘူး။ ရလဒ်ထွက်လာပြီး အိမ်တွေ၊ ကားတွေ ဝယ်လိုက်မှသာ "အောင်မြင်လိုက်တာ" ဆိုပြီး မြင်ကြတာပါ။
ဒါကြောင့် အလုပ်လုပ်ရင် ချက်ချင်းအောင်မြင်မယ်လို့ မတွေးလိုက်ပါနဲ့။ တကယ်လုပ်တဲ့အခါ ကြုံရမယ့် အခက်အခဲတွေနဲ့ ရလဒ်မထွက်ခင် ကြာမယ့်အချိန် (Gap) တစ်ခု ရှိပါတယ်။ အဲ့ဒီအချိန်မှာ "ငါက သူတို့လို နောက်ခံမရှိဘူး၊ အရည်အချင်းမရှိဘူး" ဆိုပြီး လက်လျှော့လိုက်ရင်တော့ သံသရာလည်နေဦးမှာပါပဲ။
ကျွန်တော်ကိုယ်တိုင်လည်း စာတွေဖတ်၊ ကိုယ်တိုင် လက်တွေ့လုပ်ရင်း အချိန်တွေကြာမှ ဒီအသိတွေကို မြင်သာခဲ့တာမို့ လမ်းပျောက်နေတဲ့ ညီငယ်ညီမငယ်တွေအတွက် ရည်ရွယ်ပြီး ရေးသားမျှဝေလိုက်ပါတယ်။
Share ရင် Share လို့ရပါတယ်၊ ကူးပြီးပြန်တင်မယ်ဆိုရင်တော့ ဒီပိုစ့်ရဲ့ လင့်လေးအောက်ဆုံးမှာထည့်ဖို့ မမေ့ပါနဲ့။
LT

Comments