ရတနာ (၃)ပါးကို သက်ဝင်ယုံကြည်စေခဲ့သော အပိုင်းအခြားလေးတစ်ခု

၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်ကျော်ကာလ -

၁၀ ရက်နေ့ - စင်္ကာပူကနေ နေခွင့်ကုန်သွားလို့ မလေးကို ရှောင်တဲ့အချိန်ပေါ့။ အဲဒီမှာ ကံကောင်းစွာနဲ့ အဒေါ်ရဲ့သူငယ်ချင်းတွေ ရှိနေတော့ သူတို့ဆီကနေ အကူအညီတွေရခဲ့တယ်။ အစ်ကိုကြီးနှစ်ယောက်ထဲက တစ်ယောက်ဆီမှာ လိုက်နေခွင့် ရခဲ့တယ်။ စက်ရုံဝန်းထဲဆိုတော့ အခန်းကတော့ ၇-ပေ ပတ်လည်အခန်းပေါ့။ ယောက်ျားလေး တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေတဲ့နေရာဆိုတော့ ကျန်တာမပြောတော့ပါဘူး။ ခြင်တွေကတော့ ကိုက်ပါတယ်... ဒါပေမယ့် ခြင်ဆိုတာ သူစိမ်းမှမဟုတ်ပဲ ကိစ္စမရှိ။

အပြင်ကိုလည်း နေတဲ့နေရာနဲ့ လမ်းဆုံလေးအထိပဲ ထမင်းလေးဘာလေး ထွက်ဝယ်ပြီးရင် ပြန်လာစား၊ ဒီလောက်ပဲသွားရဲတယ်၊ လူဆိုးမပြောနဲ့ ရဲကအစ နာမည်ကြီးတာကိုး၊ ဒီလိုနဲ့ အခန်းကျဉ်းလေးမှာ ပါလာတဲ့ အင်္ဂလိပ်စာအုပ်လေးတွေ ဘာလေး၊ ညာလေးတွေဖတ် ပြီးတော့ ကြာလာတော့ အဲဒီအစ်ကိုကြီး သူ့အိမ်က မိသားစု အတွက် လုပ်ထားတဲ့ ပုခုက္ကူက အလှူမျက်နှာဖုံးနဲ့ ပဋ္ဌာန်းအကျယ်စာအုပ်လေးတွေ့လိုက်တော့ အသိက မနေဘူး၊ တန်းကိုင်ပြီး နာရီတော်တော်ကြာကြာ စိတ်ဝင်တစား ရွတ်ဖတ်ပူဇော်ပြီး ဥာဏ်မီသလောက် လိုက်ပြီး အနက်ကို စဉ်းစားကြည့်တယ်။ နောက်ရက်တွေလည်း အဲဒီလိုပဲပေါ့။ စင်္ကာပူမှာ အင်တာဗျူး တစ်ခုပဲရလာကတည်းက အရင်ကလို မိရိုးဖလာယုံကြည်မှု မဟုတ်တော့တာ၊ ဒီမှာလည်း အဆင်ကပြေတာ မဟုတ်တော့ ရက်နည်းနည်းလေးနဲ့ ရတနာ(၃)ပါးကို တကယ် သက်ဝင်ယုံကြည်လာခဲ့တယ်။ (အဆင်မပြေဘူးလို့ဆိုပေမယ့် တကယ့်လူကောင်းတွေနဲ့ တွေ့ခဲ့ရတာပါပဲ။) အချိန်ရရင်စိတ်တွေစုစည်းတယ်၊ တရားတွေ ဆင်ခြင်တယ်။

အဲဒီ့အထိ စင်္ကာပူက ကန်ပဏီက အက်စ်ပတ်စ် မတင်ပေးသေးဘူး။ ဒီဇင်ဘာလကုန်ခါနီးထဲက တင်ဖို့ပေးထားခဲ့တာ။

၁၃ ရက်နေ့ - (တနင်္ဂနွေနေ့) ရောက်တော့ အလုပ်က ပတ်စ် တင်ပေးလိုက်ပြီတဲ့ မနက် ၉ နာရီလောက် ဟိုက အန်တီလှမ်းဖုန်းဆက်လာတယ်။

ဒီလိုနဲ့ လေး၊ ငါးရက်ဆိုတော့ စင်္ကာပူပြန်ဝင်ဖို့လုပ်ရတော့မယ် ပြန်လှုပ်ရှားရပြီပေါ့။ အဲဒီနောက်ကနေပြီး ကွာလာလမ်ပူ မြို့လယ်မှာ ခြေရှုပ်တော့တာပဲ။ စက်ရုံဝန်းကထွက် ကား ၁ နာရီကြာအောင်စီး၊ ဂျမ်းဖြစ်တဲ့ အချိန်ရှိတယ် ဘယ်အချိန်လဲတော့ မေ့သွားပြီ၊ မိပြီဆိုရင်တော့ ၁၅ မိနစ်ကနေ နာရီဝက်ပဲ။ ပြီး ပူဒူးရာယာ (မြန်မာဆိုင်တွေ များမှများ၊ စီးတီးဟော လိုအဆောက်အအုံတစ်ခုထဲမှာမဟုတ်၊ လမ်းတွေ လမ်းတွေမှာရှိတဲ့ နေရာ) ဆိုတဲ့ ကွာလာလမ်ပူ မြို့လယ်တစ်နေရာမှာဆင်း၊ စင်ကာပူသံရုံးကိုသွား ဗီဇာ ပြန်ယူ၊ ပထမဆုံး တစ်ခေါက်မှာ အဆင်မပြေလို့ နောက်တစ်နေ့ပြန်လာရတယ် (တနင်္လာနေ့တော့ တနင်္လာနေ့ပါပဲ ဒါပေမယ့် အဲဒါနဲ့ မဆိုင်ပါဘူး မသိတဲ့အလုပ် ပထမဆုံးဆိုတော့ တစ်ခေါက်နဲ့ဘယ်လိုမှ မပြီးနိုင်ဘူး)။ နောက်နှစ်ရက်ကြာ ဗီဇာရပြီ။

အမှုတွေကတော့ အမြဲတမ်းဖြစ်နေတယ်။ ဈေးသွားဝယ်တုန်းကတောင် မြန်မာဆိုင်ရှင်လင်မယားပဲ နေ့ခင်းကြီး ဓားပြတိုက်ခံရတယ်၊ ဒဏ်ရာတွေ ဘာတွေနဲ့ ကြားရတယ်။ မျိုးစုံဖြစ်နေတာပါပဲ။ အဲဒီရက်တွေ နေ့ရောညရော မြို့လယ်၊ စက်ရုံဝန်း ဧရိယာ (ည ၁၀း၃၀ အထိရောက်ဖူးတယ်) လျှောက်သွားတယ်။ တစ်စုံတစ်ရာ ဘာမှမဖြစ်ခဲ့ဘူး။ ကံကြီးပေလို့။

၁၇ ရက်နေ့ - (ကြာသပတေး) စင်္ကာပူကို ကားနဲ့ပြန်လာခဲ့တယ်။

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)