Skip to main content

သူငယ်ဘ၀ ခရစ်တော်နှင့် သစ္စာဖောက်တပည့် ယုဒ

ခရစ်ယာန် ဘုန်းတော်ကြီးများ အစဉ်အဆက် ပြောကြားလေ့ရှိခဲ့သည့် ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တစ်ခုက ယခုလိုဆိုသည်။ တစ်ရံရောအခါက အီတလီပြည် စီစလီကျွန်ပေါ်ရှိမြို့တစ်မြို့တွင် ပန်းချီကျော်တစ်ဦးသည် ဘုရားရှိခိုးကျောင်းကြီးတစ်ခု၏ အတွင်းနံရံ၌ ခရစ်ဝင် ပန်းချီကားတွဲကြီးတစ်ခု ရေးဆွဲလျက်ရှိသည်။ ခရစ်တော်၏ ဘဝဖြစ်စဉ်ကို ဖော်ကျူးသည့် ယင်းပန်းချီကားများ ရေးဆွဲရာ၌ သရုပ်ပီပြင်စေရန်အတွက် ယေရှုခရစ်နှင့်တကွ ခမည်းတော်၊ မယ်တော်၊ နောက်ပါ တပည့်သာဝက အစရှိသူတို့၏ ရုပ်ပုံများအဖြစ် အပြင်လေကတွင် သက်ရှိထင်ရှား ရှိနေသူများထံမှ စရိုက်လက္ခဏာချင်း နီးစပ်ဆင်တူသူ အသီးသီးတို့ကို စံပြထားကာ ပုံတူ ရေးဆွဲယူခဲ့သည်။ နှစ်အတန်ကြာ ရေးဆွဲပြီးသည့်အခါ အရေးကြီးသော ရုပ်ပုံနှစ်ခုမှအပ ပုံအားလုံး ရေးဆွဲပြီးစီးလေသည်။ ကျန်ရှိနေသော ရုပ်ပုံနှစ်ခုကား ယေရှုခရစ်၏ သူငယ်ဘဝပုံတော်နှင့် ယေရှုခရစ်တော်အား သစ္စာဖောက်ဖျက်ခဲ့သည့် သာဝကဟောင်း ယုဒ ရှကာရုတ်၏ ပုံတို့ဖြစ်သည်။ ပန်ချီကျော်သည် ၎င်းရုပ်ပုံနှစ်ခုအတွက် ပုံတူရေးကူးနိုင်ရန် သင့်တော်မည့် စံပြပုဂ္ဂိုလ်နှစ်ဦးကို လိုက်လံရှာဖွေသော်လည်း တော်တော်နှင့် မတွေ့ရပေ။ တစ်နေ့၌မူ သူသည် လမ်းမပေါ်တွင် ဆော့ကစားနေသည့် ကလေးတစ်သိုက်ထဲမှ ၁၂ နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို သတိပြုမိသည်။ ကလေးငယ်၏ မျက်နှာသည် အလွန်သန့်ရှင်းကြည်လင်လှသည်။ ရိုးဖြောင့်မှန်ကန်ခြင်း၊ ဉာဏ်အမြော်အမြင်ရှိခြင်း၊ စေတနာ မေတ္တာ ပြည့်ဝခြင်း အရိပ်အယောင်များ သူ့မျက်နှာတွင် ထင်ဟပ်လျက်ရှိသည်။ ပန်ချီကျော်သည် ကလေးငယ်အား ခေါ်လာပြီး စံပြအဖြစ် ထိုင်စေကာ ယေရှုခရစ်တော်၏ သူငယ်ဘ၀ ရုပ်ပုံကို ရေးဆွဲလေသည်။ ရက်ပေါင်း အတော်ကြာအောင် စိတ်တိုင်းကျ ပုံတူရေးဆွဲယူပြီးသော် နံရံဆေးရေး ပန်းချီကားတွဲကြီး၌ ယုဒ ပုံတူတစ်ခုသာ ဖြည့်သွင်းရန် ကျန်လေတော့သည်။ ဘုရားရှိခိုးကျောင်းကြီးရှိ ခရစ်ဝင် ပန်းချီကားကြီးတွင် ယုဒပုံ တစ်ပုံလိုအပ်နေသဖြင့် မပြီးစီးနိုင် ဖြစ်နေရကြောင်း သတင်းစကားသည် ပတ်ဝန်းကျင် နယ်တစ်ခွင်သို့ ပြန့်ပွားသွားသည့်အခါ မိမိကိုယ်ကို ယုဒအဖြစ် စံပြထိုင်ပေးနိုင်လောက်အောင် ယုတ်မာကောက်ကျစ်သည့် ရုပ်လက္ခဏာရှိသည်ဟု ယုံကြည်သူ အများအပြားပင် ပုံတူဆွဲခံရန် ပန်းချီဆရာကြီးထံ ရောက်လာကြသည်။
သို့သော် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူစိတ်တိုင်းမကျခဲ့။ ပန်းချီကျော်သည် သူ၏စိတ်အာရုံတွင် မြင်ယောင်ထားသည့် ဆိုးယုတ်မိုက်မဲသော၊ ကတိ သစ္စာမရှိသော၊ အသပြာဒင်္ဂါးစ အနည်းမျှကို မက်မောသောစိတ်ဖြင့် မိမိ အရှင်သခင်ကိုပင် အသေသတ်မည့် သူတို့လက်သို့ ပို့ရက်ခဲ့သော တပည့်ဆိုး ယုဒ၏ ရုပ်သွင်ကို ထင်ဟပ်နိုင်သူအား ရှာဖွေ၍ မရခဲ့။
သို့နှင့် နှစ်ပေါင်းများစွာကြာအောင်ပင် ယုဒရုပ်ပုံကို ရေးဆွဲမရနိုင်ဘဲ ရှိခဲ့သည်။
သို့သော် တစ်နေ့၌မူ ပန်းချီကျော်သည် စားသောက်ဆိုင် တစ်ခု၌ ထိုင်နေစဉ် ဆိုင်တွင်းသို့ ဒယီးဒယိုင်နှင့် ဝင်ရောက်လာသူ တစ်ယောက်ကို တွေ့ရလေသည်။ ညစ်ထေးစုတ်ပြတ်ကာ တစ္ဆေမှင်စာရုပ် ပေါက်နေသော ၎င်းလူသည် “ကျွန်တော့်ကို အရက်တိုက်ပါခင်ဗျာ။ အရက်တစ်ခွက်လောက် တိုက်ကြပါခင်ဗျာ” ဟူ၍ အရှက်အကြောက် ကင်းစွာ တောင်းခံလျက်ရှိသည်။ ပန်းချီကျော်သည် ထိုသူ၏မျက်နှာ၌ အကုသိုလ် ဒုစရိုက်ပေါင်းစုံ စုံပြုံထင်ဟပ်နေသည်တကားဟု အလန့်တကြား မြင်မိကာ နှစ်ပေါင်းများစွာ မိမိရှာဖွေခဲ့သော ပုဂ္ဂိုလ်ကို ယခုတွေ့ရလေပြီဟု အကြီးအကျယ် ဝမ်းမြောက်သွားသည်။
“မောင်ရင် ကျုပ်နဲ့လိုက်ခဲ့ပါ၊ မောင်ရင့်ကို အရက်ဝအောင် တိုက်မယ်” ဟုဆိုကာ ၎င်းလူအား ပန်းချီခန်းသို့ ခေါ်လာသည်။
ထိုအချိန်၌ အတော်ပင်အသက်ကြီးရင့်နေပြီဖြစ်သော ပန်းချီဆရာအိုသည် သူ၏ အပြောင်မြောက်ဆုံး နံရံဆေးရေးပန်းချီကားကြီး အပြီးသတ်နိုင်ရန်အတွက် ဘဝတုံးနေသူ ထိုလူစိမ်းအား လိုသမျှအရက်ကို ပေးကာ နေ့စဉ် ပုံတူရေးဆွဲမှု ပြုလေသည်။
ထိုသူသည် အစပထမ၌ အရက်သောက်ရလျှင် ပြီးရောဟူသော သဘောဖြင့် ပန်းချီဆရာကြီးအကြိုက် ထိုင်ပေးနေရာမှ ရက်အနည်းငယ်ကြာလာသည့်အခါ တဖြည်းဖြည်းပြောင်းလဲလာသည်။ မူးယစ်ထုံထိုင်းကာ လောကရောဘဝကိုပါ မေ့လျော့နေသည့် အသွင်အပြင်မှ စိုးရိမ်ထိတ်လန့်သော အသွင်အပြင်သို့ ပြောင်းလဲလာခဲ့သည်။ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသော သူ့ပုံတူ ပန်းချီကို ကြည့်ကာ သူ ချောက်ချားချားပင် ဖြစ်လာသည်။
ပုံဆွဲခံရသူ မျက်စိမျက်နှာ ပျက်သည်ကိုမြင်လျှင် ဆရာကြီးက အကြောင်းရင်းကို မေးသည်။
ဆရာကြီးမေးသည့်အခါတွင်မှ ပုံဆွဲခံရသူသည် ရုတ်တရက် အကြီးအကျယ် ဝမ်းပန်းတနည်း ဖြစ်သွားကာ မျက်နှာကို လက်ဝါးနှင့် အုပ်လျက် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ အတော်ကြာအောင် ငိုကြွေးပြီးခါမှ ပန်းချီဆရာကြီးကို မော့ကြည့်ကာ...
“ဆရာကြီးတောင် ကျွန်တော့်ကို မမှတ်မိတော့ဘဲကိုး၊ ဆရာကြီးဆီမှာ ခရစ်တော် သူငယ်ဘဝရုပ်ပုံအတွက် ပုံတူအဆွဲခံခဲ့တာ ကျွန်တော်ပါခင်ဗျာ” ဟု ကြေကွဲသံကြီးနှင့် ပြောလိုက်လေသည်။

Comments

chocothazin said…
ဒီစာထဲမှာ တစ်ခုခုရှိမယ် ဆိုပြီး ငါပြန်ပြန်ဖတ်နေတာ ၃ ကြိမ်ရှိပြီ။ ရေးရေးလေးပဲ ရှိသေးတယ်။ ငါပဲ အတွေးချော်နေတာလား။ အဓိကပေးချင်တဲ့ message ကိုမရသေးဘူး။ နောက်နေ့ မှ တစ်ခေါက်ထပ်ဖတ်ဦးမယ်။

Popular posts from this blog

ကျောင်းဖွင့်စနေ့

ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ

A leaf

ခုတလော ဓာတ်ပုံတွေလိုက်ရိုက်နေတယ်။ ဖေ့ဘွတ်လည်း သိပ်မတက်ချင်၊ ဂူဂဲလ်ပလပ်စ်တော့ သုံးပေမယ့် သူငယ်ချင်းတွေက ဖဘမှာချည်းဆိုတော့ မဖြစ်ပြန်။ ဟိုရောက်ဒီရောက်ပေါ့။ ဒီလိုနဲ့ပဲ ဘလော့ဒေးနေ့က မဇွန်ရဲ့စာတို့ တခြားစာတွေ ဖတ်ဖြစ်တော့လည်း ဘလော့ကို ပြန်လာချင်လာပြန်ရော။ ဒါနဲ့ စည်စည်ကားကားလေးဖြစ်အောင်လို့ နီးစပ်ရာကို ပုံလေးတပုံပေးပြီး အက်ဆေး ဒါမှမဟုတ် ကဗျာလေး ဇွတ်ရေးခိုင်းလိုက်တယ်။ တော်တော်များများ ရေးပေးကြပါတယ်။း) သူတို့နဲ့ ကျွန်တော့်ကဗျာလေးကို ဒီမှာ တင်ဖြစ်သွားတယ်။ ကဗျာလေးကတော့- A Leaf Being grateful to meet with a droplet,  Life's not simple and easy all the time though. Fortifying and surviving from the teases  Of people and insects. With the help of the droplets and the mother soil,  To its best, A Leaf is giving the beauty to the Earth. သစ်ရွက်ကလေး ရေစက်လေးနဲ့ တွေ့နေရရင် ဘ၀ကြီးကအဆင်ပြေနေပြီ။ ကြာကြာနေရလောက်အောင်တော့လည်း ဘ၀ကြီးက လွယ်ကူ ရိုးရှင်းခြင်းမရှိခဲ့ဘူး။ တုတ်တွေ လက်တွေရဲ့ တွန်းထိုးဝှေ့ခြင်း ပိုးကောင်တွေရဲ့ ထိုးဖောက်လှိုက်စားခြင်းတွေအောက် လူးလှိမ့် တွ

ဆေးလိပ်လက်ဆောင်

မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို၊ မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ ညှာအနား ရှေ့သွားနှင့် ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။ ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်။ ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။ မယ်ခွေရဲ့ မာစတာ ပိစ်လေးပါ။ အရင်က ကဗျာလေးတွေ အရမ်းကြိုက်လို့ လိုက်ဖတ်ပြီးတင်နေပါတယ်။ စကားပြေရေးဖို့တော့ အိမ်စာပေးလိုက်မယ်နော်။ း) အဟွတ် အဟွတ်